ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း လျော့ကျလာခြင်းကြောင့် ဒလမြို့နယ်အတွင်းရှိ သံဃာတော်များ ဆွမ်းခံကြွ

ရန်ကုန် စက်တင်ဘာ ၂

မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း တစ်ဖြည်းဖြည်း လျော့ကျလာခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်အတွင်းရှိ ကျောင်းတိုက်တစ်ခုမှ  သံဃာတော်များနှင့် သာမဏေများ ဆွမ်းခံကြွလျက်ရှိကြောင်း သိရသည်။

ယခုအခါ ကိုဗစ်-၁၉ ကူးစက်မှုနည်းပါးလာခြင်းကြောင့် ကျောင်းတိုက်အတွင်းရှိ သံဃာတော်များ  ဆွမ်းအခက်အခဲမရှိစေရေး အတွက် ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီ ပါးစပ်နှာခေါင်းစည်းများ တပ်ဆင်၍ တန်းဆွမ်းခံ ကြွခြင်းဖြစ်ကြောင်း၊ ရောဂါ ကူးစက်မှုနှုန်းဖြစ်ပွားသော ကာလများက ဆွမ်းခံမကြွကြောင်း၊ ယခုအခါ ဆွမ်းလောင်လှူနိုင်သော ဒကာ၊ ဒကာမများ လောင်လှူနိုင်ရန် ဆွမ်းခံထွက်ခြင်းဖြစ်ကြောင်း၊ ဒကာ၊ ဒကာမများ ကုသိုလ်ရရှိစေရေးနှင့် သံဃာတော်များ ဆွမ်းအခက် အခဲမရှိစေရေးအတွက် တန်ဆွမ်းခံကြွခြင်းဖြစ်ကြောင်းကမာကဆစ် အလယ်ကျောင်းပရိယတ္တိ စာသင်တိုက် ပဓာနနာယက ဆရာတော်ကြီးအား ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ ယခုလို မိန့်ကြား ခဲ့သည်။

ဒလမြို့နယ်အတွင်း သံဃာတော်နှင့် သာမဏေများ အများဆုံးရှိသည့် ကမာကဆစ်အလယ်ကျောင်း ပရိယတ္တိစာသင်တိုက်၌  လက်ရှိအချိန်တွင် သံဃာတော်အပါး (၁၃၅)ပါးရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားမီ ကာလများက သံဃာတော်နှင့် သာမဏေ အပါး စုစုပေါင်း ၂၀၀ ကျော်ခန့်ရှိကြောင်း၊ ထို့အတူ  ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအား ဆရာတော်ကြီး ဦးစီး၍ မူလတန်းမှ ၇ တန်းအထိ အခမဲ့ပညာသင်ကြားပေးလျက်ရှိကြောင်း၊ ၈ တန်း၊ ၉တန်း၊ ၁၀ တန်း ကျောင်းသား များကိုလည်း အခမဲ့ပညာသင်ကြားပေးလျက်ရှိကြောင်း၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၈၀၀ ကျော် အထိရှိ ကြောင်း  ဆရာတော်ကြီးထံမှ သိရသည်။

ဒလမြို့နယ်၌ ဘုန်းတော်ကြီးကျောင်းပေါင်း ၈၉ ကျောင်းရှိပြီး ရဟန်း ၉၁၀ ပါး၊ သာမဏေ ၄၆၂ ပါး၊ စုစုပေါင်း ၁၃၇၂ ပါး ရှိကြောင်း၊ ပထမအကြိမ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူ သံဃာတော် ၂၆၁ ပါးရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း လျော့ကျလာသည့်အလျောက် ကူးစက်မှုနှုန်း ဆက်လက်ကျဆင်းရေး ထိန်းချုပ်ဆောင်ရွက်ရန် လိုအပ်သဖြင့် အခြေခံပညာကျောင်းများ (ပုဂ္ဂလိကကျောင်း၊ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများ အပါအဝင်) အား သီတင်းကျွတ် ကျောင်းပိတ်ရက်များ အပါအဝင်ဖြစ်သည့် စက်တင်ဘာလ ၂၇ ရက်နေ့မှ အောက်တိုဘာလ ၂၄ ရက်နေ့ အထိ ဆက်လက်၍ ယာယီပိတ်ထားမည်ဖြစ်ကြောင်း အသိပေးကြေညာထားကြောင်း သိရသည်။

နိုင်လင်းကျော်(IPRD)