ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူများ၏ ရင်တွင်းစကားသံများ

ဒဂုံဆိပ်ကမ်း စက်တင်ဘာ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံ​မြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ မြို့နယ် ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူများ၏ ရင်တွင်းစကားသံများကိုလည်း ဖော်ပြလိုက် ရပါသည်-

ဒေါ်သန္တာမြင့်

ကျွန်မကတော့ ဒဂုံဆိပ်ကမ်း၊ ၈၈ ရပ်ကွက်၊ နွယ်သာကီလမ်းမှာ နေထိုင်တဲ့ ဒေါ်သန္တာမြင့်ဖြစ်ပါတယ်။ ကျွန်မ စက်တင်ဘာလ ၆ ရက်နေ့မှာ အနံစပျောက်တယ်ရှင့်။ အဲ့ဒါနဲ့ အ.ထ.က (၁)စာသင်ကျောင်းမှာ ကျမနဲ့ ကျမ သမီးလေး Quarantine ဝင်ပါတယ်။ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ  စစ်ဆေးလိုက်တဲ့ အချိန်မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ပါတယ်။ ပိုးတွေ့ရှိတဲ့အတွက်ကြောင့် ရိုးမရိပ်သာ ကိုဗစ်ကုသရေး စင်တာမှာဘဲ (၁၄) ရက် ဆေးကုသမှု ခံယူခဲ့ပါတယ်။ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေချိန်မှာ တချို့ကတော့ အပြင်းအထန်ဖျားကြပါတယ်။ ကျွန်မနဲ့ ကျွန်မသမီးကတော့ အနံ့ပျောက်တာ အနည်းငယ်ဖျားတာ လောက်ပဲရှိပါတယ်။ ဆေးကိုလည်း စနစ်တကျ သောက်တယ်၊ အချိန်မှန်လည်း အိပ်ပါတယ် ဒီလိုနှင့် ပြန်လည်နေပြန်ကောင်းလာပြီး (၁၄) ရက်ဆေးကုသမှုခံယူခဲ့ရပါတယ်။ အိမ်ပြန်ရောက်တဲ့အခါမှာလဲ stay home (၇)ရက်နေရပါတယ်။ မိဘပြည်သူများကို ကိုဗစ်-၁၉ ရောဂါပိုး မဖြစ်ပွားစေဖို့ မှာချင်တာက အချိန်မှန်အိပ်ပါ၊ အားရှိတဲ့ အစားအစာများကို အချိန်မှန်စားပါ ကိုဗစ်-၁၉ ရောဂါ သံသယ လက္ခဏာဖြစ်ပေါ်ပါက သက်ဆိုင်ရာ ကျန်းမာရေးဌာနတွေနဲ့ ချိတ်ဆက်ပြီး ဆေးကုသမှုခံယူကြဖို့ တိုက်တွန်းအပ်ပါတယ်။

ဒေါ်နှင်းရည်အေး

ကျွန်မကတော့ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၈၈ ရပ်ကွက်၊ ငွေဇင်ယော်လမ်းမှာနေထိုင်တဲ့ ဒေါ်နှင်းရည်အေး ဖြစ်ပါတယ်။ ကျွန်မက ဆေးဆိုင်ဖွင့်ထားပါတယ်။ ကျွန်မ ဇူလိုင်လ ၇ ရက်နေ့မှာ နှာစီးပြီး အနံ့ ပျောက်ပါတယ်။ အဲ့ဒါနဲ့ ကျမဆေးဆိုင်ပိတ်ပြီး ကိုယ့်ကိုကိုယ် သံသယရှိတာနဲ့ မိသားစုနဲ့ ခွဲနေပါတယ်။ နောက်ပိုင်း ချောင်းဆိုးတယ်၊ ဖျားတယ်၊ လည်ချောင်းနာတယ်၊ အစားအသောက်မစားချင်ဘူး စတဲ့သံသယလက္ခဏာတွေ ဖြစ်ပေါ်လာတဲ့အတွက် ကိုဗစ်စင်တာမှာ စစ်ဆေးလိုက်တဲ့အချိန်မှာ ရောဂါပိုးတွေ့ရှိတာကြောင့် ရိုးမရိပ်သာ ကိုဗစ်ကုသရေးစင်တာမှာ ဆေးကုသမှု ခံယူခဲ့ပါတယ်။ ဆေးကုသမှုခံယူချိန်မှာ အာဟာရပြည့်ဝတဲ့ အစားအသောက်များကို စနစ်တကျ စားသောက်ပြီး ဆေးဝါးများကိုလည်း စနစ်တကျ သောက်ရပါတယ်။ စင်တာမှာ(၁၄) ရက်ကြာ ဆေးကုသမှုခံယူပြီး အိမ်မှာ stay home (၇)ရက်နေထိုင်ခဲ့ပါတယ်။ ယုခုဆိုရင် ကျမဆေးဆိုင်လဲ ပြန်လည်ဖွင့်နေပါပြီ။ မိဘပြည်သူများအနေနဲ့လည်း ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားစေဖို့ အပြင်ထွက်တိုင်း Mask ကို စနစ်တကျ တပ်ဆင်ကြဖို့၊ လက်ကိုမကြာခနဆေးကြောကြဖို့၊ အာဟာရဖြစ်စေတဲ့ အစားအသောက်တွေကို စနစ်တကျစားသောက်ကြဖို့၊ အိပ်ရေးဝဝအိပ်ကြဖို့ကို တိုက်တွန်းအပ်ပါတယ်။ ယခုလက်ရှိ ထိုးနှံပေးနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကိုလည်း မပျက်မကွက် ထိုးနှံကြပါလို့ ထပ်မံတိုက်တွန်းလိုပါတယ်ရှင့်။

အားလုံးကိုကျေးဇူးတင်ပါတယ်။

ဖြိုးစန္ဒာကျော်  ပြန်/ဆက်