သီပေါမြို့၌ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက်ကလေးငယ်များအတွက် ထောက်ပံ့ကြေး ပေးအပ်ပွဲ အခမ်းအနားပြုလုပ်

သီပေါ စက်တင်ဘာ ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၌ ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ် ပထမ သုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ)အတွက် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၃)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးဝင်းက အမှာစကားပြောကြားခဲ့ပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းသွယ်က ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ် အောက်ကလေးငယ်များအား နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားရာတွင် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ် အောက်ကလေးငယ်များ သေဆုံးမှုနှုန်း လျော့ကျနိုင်စေရန်၊ မိခင်ရောကလေးပါ ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝသည့် အစားအစာများ စားသုံးနိုင်စေရန်၊  အသက်အရွယ်ကြီးရင့်လာသည့်အချိန်တွင် နာတာရှည်ရောဂါဖြစ်ပွားမှုနှုန်းလျော့ကျစေရန်၊ မိသားစု စီးပွားရေးထိခိုက်မှု လျော့နည်းသက်သာစေရန်၊ ကျန်းမာသန်စွမ်းသော နိုင်ငံသားကောင်းရတနာများ ပေါ်ထွန်းလာကာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် စွမ်းအားပြည့် ဆောင်ရွက်နိုင်ကြစေရန် ရည်ရွယ်ပြီး ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ရပ်ကွက်(၁၁)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၁၆)အုပ်စုရှိ ကိုယ်ဝန်ဆောင်မိခင် (၅၆၃)ဦးနှင့် အသက်(၂)နှစ် အောက်ကလေးငယ်(၄၆၂)ဦး၊  လူဦးရေ(၁၀၂၅)ဦးအတွက်  တစ်ဦးလျှင်ငွေကျပ် (၄၅၀၀၀) နှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၄၆၁.၂၅)သိန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးဝင်းနှင့် လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းသွယ်တို့ကပေးအပ်ရာ ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်းများက လက်ခံရယူ ခဲ့ကြသည်။

သီပေါမြို့နယ်တွင် ရပ်ကွက်(၁၁)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၆၆)အုပ်စုရှိ ကိုယ်ဝန်ဆောင် မိခင်နှင့် အသက်(၂)နှစ် အောက်ကလေးငယ်များအား ထောက်ပံ့ကြေးပေးအပ်ခြင်းကို ၂၀၂၁ခုနှစ်၊ စက်တင်ဘာ(၂၈) ရက်နေ့မှ(၃၀) ရက်နေ့အထိ (၃)ကြိမ်ခွဲ၍ ထောက်ပံ့ပေးအပ် သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ ထောက်ပံ့ငွေ များကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက လက်ဝယ်အရောက် ဆက်လက်ထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)