မိတ္ထီလာ၊ သြဂုတ်လ ၁၇
မိတ္ထီလာမြို့နယ်သမဝါယမဦးစီးဌာနမှ မြို့နယ်အတွင်းရှိ သမဝါယမအသင်းစုများထံ ထုတ်ချေးပေးထားသည့် China Exin Bank ချေးငွေအနက်မှ အသင်းဝင်များ၏ စုဆောင်းထည့်ငွေမှ ရရှိသည့်အတိုးရငွေ ကျပ်သိန်း ၈၆၀ ကျော်အား အသင်းဝင်များထံသို့ ပြန်လည်ပေးအပ်လျက်ရှိကြောင်း မြို့နယ်သမဝါယမဦးစီးဌာနမှ သိရသည်။
မိတ္ထီလာမြို့နယ်သမဝါယမဦးစီးဌာနမှ ဒေသခံပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူးရေးလုပ်ငန်းများကို တစ်ပိုင်တစ်နိုင်လုပ်ကိုင်ရာမှ တိုးချဲ့လုပ်ကိုင်နိုင်ပြီး ငွေဝင်များရရှိ၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ China Exin Bank ချေးငွေများကို မြို့နယ်အတွင်းရှိ သမဝါယမအသင်းစုများရှိအသင်းဝင်များအား ထုတ်ချေးပေးလျက်ရှိသည်။ ထိုသို့ ထုတ်ချေးပေးရာတွင်လည်း မြို့နယ်အတွင်းရှိ စိုက်ပျိုး၊ မွေးမြူရေးလုပ်ကိုင်သော အခြေခံသမဝါယမအသင်း (၁၃၂) မှ အသင်းဝင်တောင်သူ (၁၂၈၄၈) ဦးအား China Exin Bankက အမေရိကန်ဒေါ်လာ သန်း (၄၀၀) မှ (၁၃) ကြိမ်မြောက် ပံ့ပိုးချေးငွေ (၈၈၈၀ ဒသမ ၂၇၈)သိန်းကို ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လကုန်အထိ ထုတ်ချေးပေးခဲ့ပြီး ပြန်လည်ပေးဆပ်ပြီးသည့် အသင်းဝင်များ၏စုဆောင်းငွေ (၁၁၅၉၃ ဒသမ ၂၀၀)သိန်းအပေါ် အတိုးရရှိသော ငွေကျပ် (၈၆၉ ဒသမ ၄၉၀)သိန်းအား မြို့နယ်သမဝါယမဦးစီးဌာနမှ ဝန်ထမ်းနှင့် သမဝါယမအသင်းစုများမှ တာဝန်ရှိသူများက ကျေးရွာအရောက် အသင်းဝင်များထံသို့ ကွင်းဆင်း၍ သြဂုတ်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့အတွင်း အပြီးပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နွေးနုနုလှိုင်ထံမှ သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)