သီပေါ စက်တင်ဘာ ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်နှင့် ပတ်သက်၍ အသိပညာပေးလက်ကမ်း စာစောင်များကို ယနေ့နံနက်ပိုင်းက လမ်းသွားလမ်းလာ ပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
အဆိုပါ အသိပညာပေးလက်ကမ်းစာစောင်တွင် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီဆောင်ရွက်ချက်များ၊ ပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက်ပေးမည့်လုပ်ငန်း(၄)ရပ် ၊နိုင်ငံသား စိစစ်ရေးကတ်ပြားလျှောက်ထားရာတွင် လိုအပ်သည့်အချက်အလက်များ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်သူများ လိုက်နာရမည့်အချက်များ၊ အိမ်ထောင်စု လူဦးရေ စာရင်းအတွက် သတိပြုလိုက်နာရမည့် အချက်များနှင့်ပါဝင်ရမည့်အချက်များ၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များနှင့် အီးမေးလ်လိပ်စာများ စသည့် အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။
လက်ကမ်းစာစောင်ဖြန့်ဝေပေးရခြင်း၏ရည်ရွယ်ချက်မှာ ပြည်သူများအနေဖြင့် ဥပဒေနှင့် အညီ နိုင်ငံသားစိစစ်ရေး ကတ်ပြားလူတိုင်းကိုင်ဆောင်နိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၎င်းလုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်သော အချက်အလက် များအား ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် ဖြန့်ဝေပေးခြင်း ဖြစ်ကြောင်း အဆိုပါ မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)