ကျောက်ဆည် စက်တင်ဘာ၂၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီခွဲက မြို့နယ်လူမှုဖူလုံရေးရုံး၌ အကျုံးဝင် မှတ်ပုံတင်ထားသော ဆင်မင်းဘိလပ်မြေစက်ရုံမှ အာမခံ အလုပ်သမား (၆၆၂) ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအဖွဲ့ဝင်များ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေး လျက်ရှိရာ အသက်(၆၅)နှစ်အထက် အဘိုးအဘွား(၂၄၉၃)ဦး၊ သံဃာ(၇၄၆)ပါး၊ ကျန်းမာရေဂဝန်ထမ်း (၁၈၄)ဦး၊ လူမှုရေးအဖွဲ့ဝင်(၂၃၈)ဦး၊ နိုင်ငံ့ဝန်ထမ်းနှင့် မိသားစုဝင်(၁၇၆၆)ဦး၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်း (၂၀၈)ဦး စက်ရုံ၊ အလုပ်ရုံဝန်ထမ်း (၅၅၇၁) ဦး၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းလုပ်ကိုင်သူ (၁၈၃)ဦး၊ အကျဉ်းသား(၅၉)ဦး၊ ပို့ဆောင်ရေးလုပ်ကိုင်သူ(၈၄၇)၊ Super Market နှင့် ဈေးရောင်းသူ(၂၁၃၈)ဦး စုစုပေါင်း(၁၄၄၆၀)ဦး ပထမအကြိမ် ကိုဗစ်-၁၉ကာကွယ်ဆေးများ ထိုးနှံပြီးကြောင်း သိရသည်။
ကျောက်ဆည်မြို့ လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် ပြည်သူပိုင်၊ သမဝါယမနှင့် ပုဂ္ဂလိက၊ စက်ရုံအလုပ်ရုံများမှ အလုပ်သမား (၁၅၂၂၃) ဦးရှိကြောင်း မြို့နယ်လူမှုဖူလုံရေးရုံးမှသိရှိရပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးအတွက် ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ သိရှိရ သည်။
သက်မောင် (ကျောက်ဆည်)