ကျောက်ပန်းတောင်း စက်တင်ဘာ၂၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါတွေ့ရှိသူများ ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန် ဖွင့်လှစ်ခဲ့သည့် အစိုးရက်စက်မှုလက်မှုသိပ္ပံကျောင်းရှိ ကုသရေးစင်တာနှင့် အရန် အဖြစ် ပြင်ဆင်ထားရှိခဲ့သည့် စံပြရပ်ကွက် မူလတန်းလွန်ကျောင်း ကုသရေးစင်တာများအား ၊မြို့နယ် အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှင့် ပိုးတွေ့ရှိမှုနှုန်း ကျဆင်းလာသဖြင့် ယနေ့နံနက်မှစတင်၍ ပိတ်သိမ်းခဲ့ပြီး၊ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပရိတ်ရွတ်ဖတ်ပူဇော်ပွဲသို့ မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌ ဆရာတော် ဘန္တဒ္ဒ သူရိယ အမှူးပြုသည့် သံဃာ တော်အရှင်သူမြတ်(၅)ပါးကြွရောက်တော်မူကြပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းလွင် နှင့် အဖွဲ့ဝင်များ၊ မြို့နယ် ပညာရေးမှူးနှင့် GTI ကျောင်း အုပ်ဆရာမကြီးတို့က အရုဏ်ဆွမ်းများ ဆက်ကပ် လှူဒါန်းကြသည်။ ယင်းနောက် မြို့နယ် သံဃာနာယက ဥက္ကဌ ဆရာတော် ဘန္တဒ္ဒ သူရိယထံမှ (၅)ပါးသီလ ခံယူဆောက်တည်ကြပြီး၊ အနုမောဒနာတရားနာကြား၍ သံဃာတော်အရှင်းသူမြတ်များ ရွတ်ဖတ်ပူဇော်သည့် ပရိတ်တရားများနာယူကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်ချ အမျှ အတန်းပေးဝေခဲ့ကြသည်။ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၁ခုနှစ်၊ ဇူလိုင်လနှင့် ဩဂုတ်လများ၌ ကိုဗစ်-၁၉ ရောဂါ ပိုးစစ်ဆေးတွေ့ရှိမှု များပြားပြီး၊ အဆိုပါ ပိုးတွေ့လူနာများကို ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန်အတွက် မြို့နယ် ပြည်သူ့ဆေးရုံ(၂)ထပ်ဆောင် ကုသရေးစင်တာနှင့် အစိုးရ စက်မှုလက်မှုသိပ္ပံကျောင်းရှိ WORKSHOP အဆောက်အဦတို့တွင် ကုသရေးစင်တာများ ဖွင့်လှစ် ထားရှိကာ၊ ကုသမှုလုပ်ငန်းများဆောင်ရွက်ပေးခဲ့ရကြောင်း သိရသည်။ အစိုးရစက်မှုလက်မှု သိပ္ပံကျောင်း (ကျောက်ပန်း တောင်း)ရှိ WORKSHOP အဆောက်အဦကို ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာအဖြစ် ၂၀၂၁ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေတွင် အမျိုးသားဆောင်နှင့် အမျိုးသမီးဆောင်ဟူ၍ (၂)ဆောင်ခွဲဖွင့်၍ စတင်ဖွင့်လှစ်ခဲ့ပြီး၊ လူနာဝင်ဆံ့အင်အားအနေဖြင့် အမျိုးသား (၇၅)ဦး အမျိုးသမီး(၁၆၃)ဦး ဖြစ်ကြောင်း သိရသည်။ အဆိုပါ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း ကုသရေးစင်တာတွင် စတင်ဖွင့်လှစ်ချိန်မှ စက်တင်ဘာ(၂၇)ရက်နေ့ ပိတ်သိမ်းချိန်အထိ ကျား(၂၀၆)ဦးနှင့် မ(၁၅၅)ဦး စုစု ပေါင်း (၃၆၁)ဦး တို့ ကျန်းမာရေး စောင့်ရှောက်မှုခံယူခဲ့ကြကြောင်း သိရပြီး၊ ၎င်းတို့အနက်မှ အမျိုးသား(၁)ဦးမှာ ကုသရေး စင်တာ တွင် သေဆုံးခဲ့ကြောင်းသိရ သည်။
သို့ဖြစ်၍ စင်တာပိတ်သိမ်းချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် သံဃာတော် အရှင်သူ မြတ်များအားပင့်ဖိတ်၍ အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းကာ ပရိတ်တရားတော်များနာကြား၍ အမျှအတမ်း ပေးဝေခဲ့ကြခြင်းဖြစ် ကြောင်းသိရပြီး၊ စံပြရပ်ကွက်ရှိ အရန်ကုသရေးစင်တာအဖြစ် ဆောင်ရွက်ထားရှိသည့် မူလတန်းလွန်ကျောင်း ကုသရေးစင်တာကိုပါ ပိတ်သိမ်းခဲ့ကြောင်းသိရသည်။
နေအောင်(ပြန်/ဆက်)