မြင်းခြံ စက်တင်ဘာ ၂၉
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် မြင်းခြံမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ဦးစားပေး အုပ်စုများနှင့်အညီ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့မှစ၍ နေ့စဉ် နံနက် ၉ နာရီမှ ၁၁နာရီခွဲအထိ မြို့နယ်အတွင်းရှိ စုရပ်နယ်မြေများ အလိုက် သတ်မှတ်နေရာများတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးရာ၌ စက်တင်ဘာ ၂၈ရက်နေ့ တွင် မြင်းခြံမြို့၊အမှတ်(၂)ရပ်ကွက်ရှိ ရွှေပြည်စိုးသာသနာ့ဗိမာန်စုရပ်နယ်မြေတွင် ပြည်သူ(၄၀)ဦးကို သတ်မှတ်ဦးစားပေးအုပ်စုများနှင့်အညီ ထိုးနှံပေးနိုင်ခဲ့ ကြောင်း သိရသည်။
မြင်းခြံမြို့နယ် Coronavirus Disease 2019 (COVID-19) ရောဂါကာကွယ်ထိန်းချုပ် ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ခရိုင်နှင့်မြို့နယ် ကျန်းမာရေးဦးစီးဌာနတို့မှ ကြီးမှူးပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ပညာရေး ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးလျက်ရှိပြီး၊ မြို့နယ်အတွင်းမှ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများနှင့် သတ်မှတ်ဦးစားပေးအုပ်စုများကို ဩဂုတ်လ ၂၉ရက်နေ့မှ စက်တင်ဘာလ ၂၈ရက်နေ့ အထိ စုစုပေါင်း (၈၅၀၁)ဦး ထိုးနှံပေးပြီးဖြစ်ကြောင်းနှင့် ကျန်ရှိနေသည့် ပြည်သူများကိုလည်း သတ်မှတ်ဦးစားပေးအုပ်စုများနှင့်အညီ ဆက်လက်၍ နေ့စဉ်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)