တိုက်ကြီး စက်တင်ဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါကြောင့် အောက်ဆီဂျင် လိုအပ်နေသူများ၊ အခြားရောဂါဝေဒနာကြောင့် အောက်ဆီဂျင်လိုအပ်နေသူများအတွက် အောက်ဆီဂျင် အချိန်တိုအတွင်း အလွယ်တကူ လုံလောက်စွာ ရရှိစေရေး ရည်ရွယ်၍ မြို့မိ မြို့ဖများနှင့် စေတနာရှင်ပြည်သူများ စုပေါင်းလှူဒါန်းမှုဖြင့် တည်ဆောက်ထားသည့် အောက်ဆီဂျင် စက်ရုံသည် စက်တင်ဘာ ၂၇ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်က စတင်လည်ပတ်ခဲ့ကြောင်း သိရ သည်။
တိုက်ကြီးမြို့နယ် အင်္ဂလားရပ်ကွက်ရှိ မြို့မိမြို့ဖ ဉီးမျိုးမြင့်၏ ဆန်စက်မြေနေရာဘေးတွင် ယာယီ တည်ဆောက်ထားသော တရုတ် နိုင်ငံထုတ် အောက်ဆီဂျင်စက်ရုံ စတင်လည်ပတ်ချိန်တွင် အောက်ဆီဂျင် ပါဝင်မှုနှုန်း ၉၃.၅ ရာခိုင်နှုန်းရှိပြီး တစ်နာရီလျှင် အောက်ဆီဂျင် ၄၀ လီတာအိုး ၆ အိုး အထိ တစ်ပြိုင်တည်း ထုတ်လုပ်နိုင်မည်ဖြစ်ရာ တစ်ရက်လျှင် ပျမ်းမျှ အောက်ဆီဂျင် ၄၀ လီတာအိုး ၁၂၀ အိုး ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အောက်ဆီဂျင်စက်ရုံ စတင်လည်ပတ်မှုအခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုး၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးရဲမင်းအောင်၊ အဖွဲ့ဝင် (၂) ဦးမောင်မောင်လတ်တို့ ပါဝင်သော အဖွဲ့နှင့် မြို့မိမြို့ဖများ လာရောက်ကြည့်ရှု၍ လိုအပ်သည် များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စန်းကလျာခိုင်(ပြန်/ဆက်)