နောင်ချို စက်တင်ဘာ ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မြို့နယ်ခန်းမ၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm) တတိယအသုတ် (ပထမအကြိမ်) ထိုးနှံပေးခြင်းကို ဆောင်ရွက်ပေး လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါကာကွယ်ဆေး (ပထမအကြိမ်)ကို စက်တင်ဘာလ (၂၈) ရက်နေ့တွင် လူဦးရေ (၁၉၁၀)ဦးကို ထိုးနှံပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ယခုထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစားဖြစ်ပြီး ဆေးတစ်လုံးလျှင် လူ(၅)ဦး ထိုးနှံပေးလျက်ရှိကြောင်း၊ ပထမအကြိမ်ကာကွယ်ဆေးကို စက်တင်ဘာလ(၃၀)ရက်နေ့ ထိလူဦးရေ (၇၄၆၀)ဦးကို စုရပ်များ၌ ထိုးနှံပေး သွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ထံမှ သိရသည်။
ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ စာရင်းများမှတ်တမ်းယူခြင်း၊ ကျန်းမာရေးဝန်ထမ်းများက လာရောက်ထိုးနှံ လာရောက်သူများ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပြီး ပုံမှန်အခြေအနေရှိမှသာ ကာ ကွယ်ဆေးထိုးနှံပေးပြီး ထိုးနှံပြီးသည့်သူများကို မိနစ်(၃၀)ခန့် အနားယူစေကာ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို မြို့နယ်ဌာနဆိုင်ရာများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များမှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထွေးငယ် (ပြန်/ဆက်)