မောင်တော စက်တင်ဘာ ၂၉
ရခိုင်ပြည်နယ် မောင်တောမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသည့် အတည်ပြု လူနာများအား မြို့နယ် ပြည်သူ့ဆေးရုံတွင် သီးသန့်ထားရှိ၍ ကြပ်မတ်ကုသပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ပိုးတွေ့ရှိသူများ အနက်မှ ၁ ဦးမှာ ထပ်မံ၍ ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ကြောင်း သိရသည်။
မောင်တောပြည်သူ့ဆေးရုံရှိ ကိုဗစ်-၁၉ အတည်ပြုလူနာများအနက် ၁ ဦးမှာ ရောဂါပိုး ကင်းစင်သဖြင့် ယမန်နေ့ နံနက်ပိုင်းက ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ရာ ကိုဗစ်-၁၉ရောဂါ ပျောက်ကင်းသူများအား တာဝန်ရှိသူများက ရောဂါပျောက်ကင်းကြောင်း လက်မှတ်များ ပေးအပ်ခဲ့ပြီး ဆေးရုံဆင်း လူနာများသည် မိမိနေအိမ်တွင် (၇)ရက်အသွားအလာ ကန့်သတ်ကာ သီးသန့်နေထိုင်ရမည်ဖြစ်ရာ ဆက်လက် ဆောင်ရွက်ရမည့် လမ်းညွန်ချက် များအား တိကျစွာ လိုက်နာကြဖို့မှာကြားခဲ့သည်။
ဆေးရုံဆင်းခွင့်ရရှိသူများမှာ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် သတ်မှတ်ချက်များနှင့် ကိုက်ညီသူများ ဖြစ်ပြီးကြောင်း သိရသည်။
ယခုအခါ မောင်တောမြို့၌ ၂၀၂၁ ခုနှစ် ဇွန် ၁၀ ရက် နေ့ မှ စက်တင်ဘာ ၂၈ ရက်နေ့ ညနေ ၅ နာရီအချိန်ထိ ကိုဗစ်အတည်ပြု လူနာစုစုပေါင်း (၅၁၃)ဦးရှိရာ ကိုဗစ်-၁၉ ဓါတ်ခွဲအတည်ပြု လူနာများအနက် (၄၉၁)ဦးမှာ ကျန်းမာရေး ဝန်ကြီးဌာန၏ သတ်မှတ် စည်းကမ်းချက်များ နှင့်အညီ ရက်ပြည့်မြောက်ပြီး ရောဂါလက္ခဏာ ထပ်မံပြသမှုမရှိသဖြင့် ဆေးရုံဆင်းခွင့်ပြုခဲ့ပြီး သေဆုံးသူ(၂၀)ဦးရှိကြောင်းနှင့် လက်ရှိ မောင်တောမြို့၌ ဆေးကုသမှု ခံယူနေသူ (၂)ဦးရှိကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
သက်လွင်စိုး ခရိုင်(ပြန်/ဆက်)