ဘူးသီးတောင်မြို့နယ်တွင် ပထမအကြိမ် (ဒုတိယအသုတ်) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးသူ (၉၂၂၃)ဦးရှိ

ဘူးသီးတောင် စက်တင်ဘာ ၂၉

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် ယမန်နေ့နံနက် နာရီအချိန်က အေးစေတီ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ စုရပ်ထားရှိ အသက်(၅၅)နှစ်အထက်နှင့် ဦးတည်အုပ်စုတွင် အကျုံးဝင်သည့်ပြည်သူ (၂၅၀)ဦးတို့အား ပထမအကြိမ် (ဒုတိယအသုတ်) ကိုဗစ်-၁၉ကာကွယ် ဆေးထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးရန် လာရောက်သည့် အသက်(၅၅)နှစ်အထက်နှင့် ဦးတည်အုပ်စု အကျုံးဝင်သည့် ပြည်သူများအား စာရင်းများပြုစုခြင်း၊ အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်းချိန် တိုင်းတာခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ကာ ပုံမှန်အခြေအနေရှိမှသာ ကာကွယ်ဆေး ထိုးနှံပေးပြီး၊ ကာကွယ်ဆေးထိုးနှံပြီးသူများကို မိနစ်(၃၀)ခန့် အနားယူစေခြင်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက် ပေးလျက်ရှိသည်။

ဘူးသီးတောင်မြို့နယ်၌ ပထမအကြိမ် (ဒုတိယအသုတ်) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးခြင်းကို စက်တင်ဘာလ(၁၆)ရက်နေ့မှ စတင်ထိုးနှံရာ စက်တင်ဘာလ (၂၇ )ရက်နေ့ထိ သတ်မှတ်စုရပ်နေရာများတွင် ထိုးနှံပေးလျက်ရှိပြီး ဆေးထိုးနှံ ပြီးစီးသူ (၉၂၂၃)ဦးရှိပြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံနေမှုများကို ကျန်းမာရေး ဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

လှကျော် (ပြန်/ဆက်)