မိုင်းဖြတ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်များထုတ်ပေးလျက်ရှိ

မိုင်းဖြတ် စက်တင်ဘာ ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြန်မာ့စီးပွားရေးဘဏ် ဝန်ထမ်းအချို့ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရခြင်းကြောင့် မြန်မာ့စီးပွားရေးဘဏ်ကို စက်တင်ဘာလ ၁၅ရက်က ယာယီပိတ်ထားခဲ့ရာမှ ယမန်နေ့ နံနက်ပိုင်းက ပြန်လည်ဖွင့်လှစ်ပြီး  ပင်စင်များကို ပုံမှန်အတိုင်း ပြန်လည်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ မြန်မာ့စီးပွားရေးဘဏ် ယာယီပိတ်ထားရခြင်းမှာ စက်တင်ဘာလ ၁၄ရက်က မြန်မာ့စီးပွားရေးဘဏ် ဝန်ထမ်း (၅) ဦးသည် မြို့နယ်ပြည်သူ့ဆေးရုံရှိ Fever Clinic တွင် ကျန်းမာရေးသွားရောက် စစ်ဆေးခဲ့ရာမှ ကိုဗစ်-၁၉ရောဂါ အတည်ပြု စစ်ဆေးတွေ့ရှိရ သည့် အတွက် Positive Centre၌ ဆေးကုသမှုခံယူ လျက်ရှိပြီး ကျန်ဝန်ထမ်း(၄)ဦးအား Home Quarantine ထားရှိခြင်းကြောင့် ယာယီပိတ်ထားရခြင်းဖြစ်ကြောင်း သိရသည်။

ယခုအခါမှာ ကိုဗစ်-၁၉ ရောဂါ အတည်ပြုစစ်ဆေးတွေ့ရှိသည့် ဝန်ထမ်း(၅)ဦးသည် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီ ဖြစ်သော်လည်း နေအိမ်၌ Home Quarantine ဆက်လက် နေထိုင်စေပြီး ကျန်ဝန်ထမ်းများက ပင်စင်စားမိဘပြည်သူများကို ဆက်လက်ထုတ်ပေးခြင်း ဖြစ်သည်။ ယခင်က ပင်စင်များကို လကုန်ရက် မတိုင်ခင် လစဉ်ပုံမှန်ရုံးဖွင့်ရက်များဖြစ်သည့် ၂၁ ရက်၊ ၂၂ ရက်နေ့တွင်ထုတ်ပေးလျက်ရှိပြီး ကိုဗစ်-၁၉ရောဂါ အခြေအနေများကြောင့် ယခုကဲ့သို့ ထုတ်ပေးရခြင်းဖြစ်ကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်တွင် ကာကွယ်ရေးပင်စင်၊ ကာကွယ်ရေး(မိသားစု)ပင်စင်၊ မြို့ပြပင်စင်နှင့် လုပ်သက်ပင်စင်၊ နိုင်ငံရေးပင်စင် စုစုပေါင်း ပင်စင်စားမိဘပြည်သူ (၂၈၄) ဦးရှိကြောင်း တာဝန်ရှိသူများထံက သိရသည်။

မြို့နယ်(ပြန်/ဆက်)