ပုဗ္ဗသီရိမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုလျော့ကျစေရန် ရည်ရွယ်၍ အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်

ပုဗ္ဗသီရိ   စက်တင်ဘာ ၂၉

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန် လိုက်နာဆောင်ရွက်ရမည့် အချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန်သိရှိစေရန်အတွက် အသံချဲ့စက်ဖြင့် အသိပေးပေးနှိုးဆော်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် ဈေးများ၊ ရပ်ကွက်နှင့်ကျေးရွာများသို့ သွားရောက်၍ ပုဗ္ဗသီရိမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အသိပေးနှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ရောဂါ ကာကွယ်နိုင်ရန်အတွက် အတတ်နိုင်ဆုံး အိမ်တွင်း၌သာနေထိုင်ကြရန်၊ ပြင်ပမှဧည့်သည်များ လက်မခံရန်နှင့် အခြားသူများထံသွားရောက်ခြင်းမပြုရန်၊ အိမ်အပြင်ထွက်လျှင်ပါးစပ်နှင့် နှာခေါင်းစည်း (Mask) တပ်ဆင်ထားပါ၊ လူအများနှင့်ထိတွေ့ဆက်ဆံရပါက မျက်နှာအကာ(Face Shield)ကို တွဲဖက်တပ်ဆင်ပါ၊ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာ နေထိုင်လုပ်ကိုင်ပါ၊ လူစုလူဝေးရှောင်ပါ၊ လက်ကိုစက္ကန့်(၂၀)ကြာ မကြာခဏ စနစ်တကျဆေးကြောပါ၊ အလုံပိတ်ခန်းများ အဲကွန်းခန်းများ လေဝင် လေထွက်မကောင်းသော အခန်းများသို့ သွားရောက်ခြင်းမှ အတတ်နိုင်ဆုံးရှောင်ကြဉ်ပါ၊ အိမ်အပြင်သို့ ထွက်လေ့ရှိသူများအနေဖြင့် အိမ်ရှိအသက်(၆၀)နှစ်အထက် အသက်အရွယ်ကြီးရင့်သူ ဆီးချို/သွေးတိုး/နှလုံးစသည့် နာတာရှည်ရောဂါရှိသူ များနှင့် အနီးကပ်နေထိုင်ခြင်း၊ အတူစားသောက်ခြင်းတို့မှ ရှောင်ကြဉ်ပါ၊ အပြင်ထွက်လျှင် ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို စနစ်တကျ မတပ်ဆင်ခြင်းနှင့်ရောဂါပိုး ကူးစက်ခံနေရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက်စစ်ဆေးကုသမှုခံယူကြပါရန်၊ ကိုဗစ်-၁၉ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို အမြန်ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများကို မိဘပြည်သူများအားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန်  အသိပေးနှိုးဆော်ချက် များကို အသံချဲ့စက်ဖြင့် လိုက်လံ အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

 မျိုးသီဟ(ပြန်/ဆက်)