မိုင်းယု စက်တင်ဘာ ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများ လိုက်နာဆောင်ရွက်မည့် အချက်များအား ယနေ့ နံနက်ပိုင်းက မြို့ပေါ်ရှိ ရပ်ကွက်/ကျေးရွာများသို့ လှည့်လည် နှိုးဆော်ခဲ့ကြသည်။
အဆိုပါ လှည့်လည်နှိုးဆော်ရာသို့ မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများ က ပြည်သူများအနေဖြင့် မလိုအပ်ဘဲ အပြင်မထွက်ကြရန်၊ နေအိမ်ပြင်ပ ထွက်သွားလာပါက နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်သွားလာကြရန်၊ မိမိတို့နေအိမ်တွင် ပြင်ပဧည့်သည်များ လက်မခံရန်၊ မိမိတို့အနေဖြင့်လည်း အခြားသူများ ထံမသွားကြရန်၊ လူစုလူဝေးပြုလုပ်ခြင်းနှင့် သွားလာခြင်းကို ရှောင်ကြဉ်ရန်၊ စက္ကန့်(၂၀)ကြာ လက်ကိုမကြာဏဆေးကြောရန်၊ မိမိတို့နေအိမ် ပြတင်း တံခါးများဖွင့်ပြီး လေဝင်လေ ထွက်ကောင်းအောင် ပြုလုပ်ရန်၊ အပြင်ထွက်ရာမှ ပြန်လာတိုင်း နှာခေါင်းစည်း (Mask) များကို အိမ်အပြင်တွင် စနစ်တကျစွန့်ပစ်ရန်နှင့် ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများကို မိဘပြည်သူ အားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းဆောင်ရွက်ပေး ကြရန်စသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ အချက်များကို အသိပညာပေးလှည့်လည် နှိုးဆော်ခဲ့ကြသည်။
မိုင်းယုမြို့တွင် ယခင်က ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခဲ့သူ လူနာ(၃၄)ဦးရှိခဲ့ရာ အားလုံး ကျန်းမာရေး ပြန်လည်ကောင်းမွန်ခဲ့ရပြီး တစ်လကျော်ကြာ ဒေသတွင်း ရောဂါပိုးကင်းစင်ခဲ့ရာက ယခုအခါ မိုင်းယုမြို့တွင် ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ အမျိုးသားတစ်ဦးသာရှိနေပြီး ဆေးကုသမှု ခံယူနေကြောင်း၊ ထပ်တိုးအတည်ပြုလူနာနှင့် သေဆုံးသူမရှိကြောင်း သိရသည်။
ကိုကိုနိုင်(မိုင်းယု)