ဘီးလင်း စက်တင်ဘာ ၂၈
သထုံခရိုင် ဘီးလင်းမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအတွင်းရှိ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကိုင်ဆောင်နိုင်ရေးအတွက် ဘီးလင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးဌာနမှူးရုံး ဝန်ထမ်းများသည် မေလ ၃ ရက်နေ့မှ စတင်ကာ ကွင်းဆင်းဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးရာတွင် မြို့နယ်ဦးစီးမှူး ဦးစောဝင်းကြည်၏ ကြီးကြပ်မှုဖြင့် ဒုတိယမြို့နယ် လူဝင်မှုကြီးကြပ်ရေးမှူး
ဦးသိန်းထွဋ်အောင်နှင့် ဝန်ထမ်းများက ရပ်ကွက်၊ ကျေးရွာအတွင်းရှိ အသက် ၁၈ ပြည့်ပြီးသူတိုင်း မြန်မာနိုင်ငံသားမည်သူမဆို နိုင်ငံသားစိစစ်ရေးကတ်ပြားများ လုပ်ဆောင်ပေးခြင်းနှင့်
အိမ်ထောင်စုလူဦးရေစာရင်း လုပ်ဆောင်ပေးခြင်း ဆောင်ရွက်ပေးလျှက်ရှိရာ ယမန်နေ့က ယွန်းဒလင်းကုန်းကျေးရွာသို့ သွားရောက်၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခဲ့ရာ ပြည်သူ ၂၀၄ ဦးတို့ လာရောက်ပြုလုပ်ခဲ့ကြသည်။
ဘီးလင်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ယနေ့အချိန်ထိ မြို့ပေါ်ရပ်ကွက် ၅ ရပ်ကွက်နှင့် ကျေးရွာ ၆ ရွာရှိ ပြည်သူ ၇၁၃ ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးပြီး အိမ်ထောင်စု ၄၅ စုတို့အား အိမ်ထောင်စုလူဦးရေ စာရင်းများပြုလုပ်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
အေးမျိုးမျိုးစံ