လှိုင်သာယာအနောက်ပိုင်းမြို့နယ် ဌာနဆိုင်ရာစုပေါင်းရုံးနှင့် ဝန် ထမ်းအိမ်ရာ ပန္နက်တင်၍ ပိုင်ရိုက်မင်္ဂလာကျင်းပ

ရန်ကုန်    စက်တင်ဘာ   ၂၈

လှိုင်သာယာအနောက်ပိုင်းမြို့နယ် ဌာနဆိုင်ရာစုပေါင်းရုံး ဝန်ထမ်းအိမ်ရာပန္နက်တင်ခြင်းနှင့် ပိုင်ရိုက်ခြင်းမင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါစီမံကိန်းဧရိယာတွင် ကျင်းပသည်။

ရှေးဦးစွာ ရှင်းလင်းဆောင်၌ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ) ဌာနမှူး  ဦးတင်မောင်ကြည်မှ လှိုင်သာယာအနောက်ပိုင်းမြို့နယ် ရန်ကုန်-ပုသိမ်လမ်းမကြီးဘေး အနော်ရထာစက်မှုဇုန်ရှေ့ရှိမြေဧရိယာ ၁၂.၂၅၈ ဧကပေါ်တွင် ရုံးအ ဆောက်အဦ ၊ ဝန်ထမ်းအိမ်ရာနှင့်စုပေါင်းခန်းမဆောက်လုပ်မည့် အစီအစဉ် ရေစီးရေလာ ကောင်းမွန်ရေး ၊ ယာဉ်ရပ်နားရန်နေရာနှင့်မြေယာရူခင်း စနစ်တကျဆောင်ရွက်ထားရှိမှုများကို လုပ်ငန်းကဏ္ဍ အလိုက်အသေး စိတ်ရှင်းလင်းတင်ပြသည်။

ထို့နောက် မင်္ဂလာအချိန်တွင်ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုးနှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက  ပန္နက်တင်ပြီး မင်္ဂလာပိုင်အား အမွှေးနံ့သာပက်ဖျန်းပေးခြင်းတို့ကို ဆောင်ရွက် ပေးကြသည်။ ဆက်လက်၍ တာဝန်ယူဆောက်လုပ်မည့်အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ အင်ဂျင်နီယာများက စက်ယန္တ ရားဖြင့် ပိုင်ရိုက်ပေးကြသည်။

ယနေ့ပထမအဆင့်အဖြစ် စတင်ဆောင်ရွက်မည့် မြေညီထပ် ကားပါကင်ပါ (၅) ထပ်ရုံး အဆောက်အဦ(၁၂)လုံးနှင့် အခြားအခြေခံလိုအပ်သည့် အဆောက်အဦများဖြစ်သည့် မြို့နယ် ခန်းမ ၊ လူမှုဖူလုံရေးဆေးခန်း ၊ SSC Clinic ၊ Convenience  စတိုးဆိုင်၊ အများပြည်သူသုံး သန့်စင်ခန်းများပါဝင်သည့်အဆောက်အဦ (၃)လုံးနှင့် မီးသတ်အဆောက်အဦတွင် အရေးပေါ် တာဝန်ထမ်းဆောင်မည့်သန္ဓေတပ်ဖွဲ့ဝင်များပါ နေထိုင်နိုင်ရန် ဆောက်လုပ်ထားသည့် အဆောက်အဦ (၁)လုံး စုစုပေါင်းအဆောက်အဦ (၁၆)လုံးတည်ဆောက်ရန်အတွက် ယနေ့ ပန္နက်တင်ခြင်းနှင့် ပိုင်ရိုက်ပေးခြင်းဖြစ်​ကြောင်းသိရသည်။

ယင်းနောက် ရန်ကုန်-ပုသိမ်လမ်းရေစုကန်ရေမြောင်းတွင် Retaining Wall နှင့် Precast Drain ပြုလုပ်မည့်အစီအစဉ်များ၊ အနာဂတ်တွင် ဆောင်ရွက်မည့် Mass Rapid Transit (MRT) စီမံကိန်းအတွက် မြေနေရာချန်လှပ်ထားမှုများကို ရန်ကုန်တိုင်းဒေသကြီးစည်ပင်သာယာရေး ဝန်ကြီး(မြို့တော်ဝန်) ဦးဗိုလ်ဌေးနှင့်တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က လိုအပ်သည့်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီးလုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးရေးနှင့်အရည်အသွေး စံချိန်စံညွှန်းမီအောင် ဆောက်လုပ်ရန်မှာကြားခဲ့ကြောင်းသိရသည်။

ဆန်းကျော်ဦး (ပြန် /ဆက်)