မော်လမြိုင်တွင် RDT Test Kit ဖြင့် စျေးရောင်းသူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေး

မော်လမြိုင်  စက်တင်ဘာ  ၂၈

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် ခြောက်မိုင်ကျေးရွာနှင့် ကျွဲခြံကုန်းကျေးရွာတို့မှ စျေးရောင်းသူ များအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် စစ်ဆေးပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကျွဲခြံကုန်းကျေးရွာ  ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကိုဗစ်၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းသတ်မှတ်ချက်နှင့်အညီ စစ်ဆေးပေးကြောင်း သိရသည်။

ယင်းသို့စစ်ဆေးဆောင်ရွက်ပေးခြင်းသည် စျေးရောင်းချသူများအနေဖြင့် နေစဉ်ပြည်သူလူထုနှင့် အများဆုံးထိတွေ့၊ ပြောဆို၊ ဆက်ဆံရသဖြင့် ကိုဗစ်-၁၉ ရောဂါပိုး တစ်ဦးမှတစ်ဦးသို့ ကူးစက်ပြန့်ပွား မှုမရှိစေရန်နှင့် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဉက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ ပရဟိတလူမှုကူညီရေးအဖွဲ့ဝင်များ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် စျေးရောင်းသူပြည်သူ ၈၅ ဦးတို့အား နှာခေါင်းတို့ပတ်နမူနာရယူပြီး စမ်းသပ်စစ်ဆေးပေးခဲ့ရာ ရောဂါပိုးကူးစက်ခံထားရသူ မရှိကြောင်း သိရသည်။ အလားတူကျန်ရှိသည့် ရပ်ကွက်/ ကျေးရွာများတွင်လည်း စစ်ဆေးခြင်းများကို ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

ဇာဖြူဝင်း