(၄၂)ကြိမ်မြောက် မုဒုံမြို့လုံးဆိုင်ရာ ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပ

မုဒုံ စက်တင်ဘာ ၂၈

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့လုံးဆိုင်ရာ ဆွမ်းဆန်တော်လှူဒါန်းပွဲ ရေစက်ချ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့မ(၄)ရပ်ကန်ကြီး ဓမ္မရာဇိန်ကျောင်းတိုက်၌ ကျင်းပပြုလုပ်ရာ မုဒုံမြို့နယ် တပ်နယ်မှူး ဒုဗိုလ်မှူးကြီးကျော်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်သည်။

ရှေးဦးစွာမုဒုံမြို့လုံးဆိုင်ရာ သံဃာဒါန ဆွမ်းဆန်တော်လှူဒါန်းရေးအဖွဲ့ သံဃာဂိုဏ်ပေါင်းစုံ သြဝါဒစရိယ ဆရာတော်ကြီးများထံမှ တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ် အပေါင်းတို့က သီလတော်မြတ် ခံယူဆောက်တည်၍ မေတ္တာသုတ်၊ ရတနာ့သုတ်၊ အာဌာနာတိယသုတ် အစရှိသော ပရိတ်တရားတော်များအား ချီးမြှင့်ခံယူသည်။

ဆက်လက်၍ တက်ရောက်လာသူများမှ ဆွမ်းဆန်တော်၊ ဆီ၊ ကြက်သွန်နှင့် လှူဖွယ်ပစ္စည်းများကို ဆရာတော်ကြီးများထံ ဆက်ကပ်လှူဒါန်းပြီး ရေစက်ချ အနုမောဒနာတရားအား သြဝါဒစရိယဆရာတော်ကြီး ဓမ္မရာဇိန်ကျောင်းတိုက် ဆရာတော်ကြီးမှ ချီးမြှင့်ကာ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

(၄၂)ကြိမ်မြောက် မုဒုံမြို့လုံးဆိုင်ရာ ဆွမ်းဆန်တော်လှူဒါန်းခြင်းကို မွန်ပြည်နယ် အစိုးရအဖွဲ့၊ မြို့နယ် ဌာနဆိုင်ရာများနှင့် မြို့သူ/မြို့သားများတို့က စုပေါင်း၍ မုဒုံမြို့နယ် အတွင်း ဘုန်းကြီးကျောင်း ၇၄ ကျောင်း၊ သီလရှင် ၆ ကျောင်းရှိဝါဆို သံဃာ ၁၆၂၂ ပါး၊ သီလရှင် ၁၄၆ ပါး၊ စုစုပေါင်း ၁၇၆၈ ပါးအား ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်း စုစုပေါင်းတန်ဖိုးငွေကျပ် ၅၇၇၇၅၆၅၀ ကို ဆက်ကပ်လှူဒါန်းမည် ဖြစ်ကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)