သထုံ စက်တင်ဘာ ၂၈
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကရင်သက္ကရာဇ် (၂၇၆၁)ခုနှစ်အတွက် ကရင်တိုင်းရင်းသားတို့၏ ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာပွဲတော် မြို့နယ်အဆင့်အခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန် က ဂေါ့ကျေးရွာ၊ သရက်တောကျောင်းတိုက်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ အကျဉ်းချုံ့၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ချည်ဖြူဖွဲ့မင်္ဂလာပွဲတော်ကို နှစ်စဉ်ကျင်းပခြင်းသည် စည်းလုံးညီညွတ်စွာဖြင့် ဘိုးဘွားများချမှတ်ထားသည့် ရိုးရာဓလေ့တွေကို ဖော်ထုတ်တဲ့အနေဖြင့် ကျင်းပခြင်းဖြစ်ပြီး မိဘဘိုးဘွားတို့အနေဖြင့် မိမိတို့၏ သားသမီးမြေးမြစ်များ တကွဲတပြားမဖြစ်စေဘဲ စုစုစည်းစည်း ချစ်ချစ်ခင်ခင်ရှိကြရန်နှင့် ကျန်းမာပျော်ရွှင်စွာရှိကြစေရန်၊ ကွဲကွာနေသော ဆွေမျိုးစုများ ပြန်လည်တွေ့ဆုံရေး၊ မိသားစုပြန်လည်စုစည်းရေး၊ အချင်းချင်းချစ်ကြည်သွေးစည်းမှု ခိုင်မြဲရေး၊ ကြီးပွားတိုးတက်စေရေး၊ ဘေးပယောဂမကောင်းကြံစည်မှုများအား နားမယောင်စေရေး၊ လူငယ်လူရွယ်များကို လူကြီးသူမများက ဆိုဆုံးမစကားပြောနိုင်ရေးတို့အတွက် ရည်ရွယ်ကာ ကျင်းပရခြင်းဖြစ်ကြောင်း မြို့နယ်ကရင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့အတွင်းရေးမှူး ဦးစောအောင်သိန်း က ပြောသည်။
ကရင်တိုင်းရင်းသားတို့၏ လက်ချည်ခြင်း ၉ မျိုးရှိပြီး ဖျားနာသည့်အခါ လက်ချည်ခြင်း၊ ခန္ဓာကိုယ်နှင့်လိပ်ပြာကွဲ၍ လက်ချည်ခြင်း၊ ရိုးရာနတ်ပူဇော်ပြီးအပြန်လက်ချည်ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်အား လက်ချည်ခြင်း၊ လန့်ဖျတ်ခြင်းကြောင့် လက်ချည်ခြင်း၊ မွေးကင်းစကလေးအား လက်ချည်ခြင်း၊ ကင်းကွာနေရသည့်သူများ လက်ချည်ခြင်း၊ ထိမ်းမြားမင်္ဂလာလက်ချည်ခြင်းနှင့် ယခုပြုလုပ်သည့် ဝါခေါင်လ(သို့မဟုတ်) တော်သလင်းလ လက်ချည်ခြင်းတို့ဖြစ်သည်။ ကရင်ဘိုးဘွားများအနေဖြင့် မိမိ၏ သားသမီး မြေးမြစ်များနှင့် မကောင်းဆိုဝါးများအား ခွဲခြားသိရှိနိုင်ရန် လက်ကောက်ဝတ်တွင် ချည်ဖြူအပါအဝင် အဆောင်ယောင်များဖြင့် လက်ချည်ပေးသည့် ရိုးရာဓလေ့တစ်ခုလည်းဖြစ်ကြောင်း သိရသည်။
သထုံမြို့နယ်၌ ချည်ဖြူဖွဲ့မင်္ဂလာပွဲတော်ကို အကျဉ်းချုံ့ကျင်ပရာတွင် သံဃာတော်များအား ဆွမ်းဆက်ကပ်တရားနာယူပြီး လှူဖွယ်များ လှူဒါန်းခြင်း၊ ချည်ဖြူဖြင့် အပြန်အလှန် လက်ချည်ပြီး ဘိုးဘွားများထံမှ ဆုံးမဩဝါဒများနာခံခြင်း စသည်တို့ကိုပြုလုပ်ခဲ့ကြသည်။
သထုံမြို့နယ်တွင် ကရင်တိုင်းသား ၈၀၀၀၀ ဝန်းကျင်ခန့် နေထိုင်လျက်ရှိပြီး ချည်ဖြူဖွဲ့မင်္ဂလာ ပွဲတော်ကို သထုံမြို့ပေါ်နှင့် ကရင်တိုင်းရင်းသား အများစု နေထိုင်သည့် ကျေးရွာ ၃၇ ရွာတို့၌ နှစ်စဉ်ပြုလုပ်လေ့ရှိကြောင်း မြို့နယ် ကရင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ သိရသည်။
ကိုကိုဦး(ပြန်/ဆက်)