စဉ့်ကိုင် စက်တင်ဘာ ၂၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင် လစာများကို ယနေ့ နံနက် (၇) နာရီမှ စတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အညီ အငြိမ်း စား၀န်ထမ်းများ၏ ပင်စင်လစာများ ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ပင်စင်လစာများထုတ်ပေးရာတွင် ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ထားသော လမ်းညွှန် ချက်များနှင့်အညီ ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ဘဏ် ရုံးအ၀င်တွင် လက်ဆေး ဘေစင်၊ လက်သန့်ဆေးရေများ၊ လက်ဆေးဆပ်ပြာ များထားရှိပေးခြင်း၊ နှာခေါင်း စည်း(Mask)များ တပ်ဆင်ပြီးမှသာ ဘဏ်ရုံးအတွင်း ၀င်ရောက်စေခြင်း၊ တစ်ဦးနှင့်တစ်ဦး(၆)ပေအကွာတွင် စီစဉ်ထားရှိပြီး ပင်စင်လစာထုတ်ယူသူ အငြိမ်းစား၀န်ထမ်းများ ပင်စင်လစာများ ထုတ်ယူရာတွင် အဆင်ပြေ ချောမွေ့စွာ ထုတ်ယူနိုင်ရန် မြန်မာ့စီးပွားရေး ဘဏ်တွင် အများသူငှာ ရုံးပိတ်ရက်မှအပ ရုံးဖွင့်ချိန်များတွင် ထုတ်ပေးလျက်ရှိပြီး လစဉ်(၂၃)ရက်နေ့မှ လစာ ထုတ်ရက်မတိုင်မီအထိ နေ့စဉ်နံနက်(၇)နာရီမှ ညနေ(၃) နာရီထိ လူစုလူဝေး မဖြစ်ပေါ်စေရန် စနစ်တကျ ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
၀င်း၀င်းသန်း (စဉ့်ကိုင်)