ကျောက်မဲ စက်တင်ဘာ ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ခိုမုန်းကျေရွာအုပ်စု၊ တောင်နောက်ကျေးရွာ၊ သက်ကြီးဘိုးဘွားစောင့်ရှောက်ရေး ဝင်းအတွင်း၌ တည်ဆောက်လျက်ရှိသော "အာယုသုခ" အောက်စီဂျင်စက်ရုံ Oxygen Plant သည် စက်တင်ဘာ ၂၆ ရက်နေ့မှစ၍ အောက်စီဂျင်များကို စတင်စမ်းသပ် ထုတ်ပေးနေပြီဖြစ်ကြောင်း သိရသည်။
ကျောက်မဲမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ လူနာများနှင့် အခြား နာမကျန်းဖြစ်သည့်လူနာများအတွက် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ အလှူရှင်များကစုပေါင်းကာ အဆိုပါ "အာယုသုခ" အောက်စီဂျင်စက်ရုံကို ဩဂုတ် ၈ ရက်နေ့တွင် စတင်ဆောက်လုပ်ခဲ့ပြီး ယမန်နေ့တွင် စက်ကိရိယာများကို အပြီးသတ် တပ်ဆင်ခဲ့ကာ အောက်စီဂျင်များကို စတင်စမ်းသပ် ထုတ်လွှတ်ပေးနေ ပြီဖြစ်သည်။
ယခု တည်ဆောက်နေသည့်အောက်စီဂျင်စက်ရုံသည် တရုတ်နိုင်ငံထုတ် HPH-30 စက် အမျိုးအစားကို အသုံးပြုထားပြီး တစ်နာရီလျင် ၄၀ လီတာဆန့် အောက်စီဂျင်အိုး ၅ အိုးထွက်ရှိမည်ဖြစ်ကြောင်း၊ အချောသတ်လုပ်ငန်းများအနည်းငယ် ဆောင်ရွက်ရန်ကျန်ရှိ နေသောကြောင့် အောက်ဆီဂျင်များကို အပြည့်အဝ ထုတ်ပေးနိုင်ခြင်း မရှိသေးကြောင်း၊ အဆိုပါအချောသတ်လုပ်ငန်းများ ဆောင်ရွက်ပြီးပါက မြို့နယ်အတွင်းအောက်စီဂျင်လိုအပ်သော လူနာများနှင့် အခြားမြို့နယ်များမှ ပြည်သူများအတွက် လိုအပ်သောအောက်စီဂျင်များကို အခမဲ့ကူညီပေးနိုင်မည် ဖြစ်ကြောင်း မြို့နယ်အောက်စီဂျင်စက်ရုံဖြစ်မြောက်ရေး ကော်မတီမှသိရသည်။
မိုင်းထွန်း(ပြန်/ဆက်)