မလှိုင် စက်တင်ဘာ ၂၈
မန္တလေးတိုင်းဒေသကြီး၊မလှိုင်မြို့နယ် တည်ဆောက်ရေးလုပ်ငန်းများစီစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်သည် မြို့နယ်စည်ပင်သာယာအမှုဆောင်အရာရှိ ဦးမင်းသီဟအောင်၊ လမ်းဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးသာအေး၊ မြို့နယ် စီမံကိန်းရေးဆွဲရေး ဦးစီးမှူး ဒေါ်ဝင်းယုဆွေနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက် ၁ဝနာရီခွဲက မလှိုင်မြို့မ စည်ပင်သာယာဈေး အနောက်ဖက် ပွဲစား တန်းလမ်းမ နိုင်လွန်ကတ္တရာလမ်းခင်းနေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည် ။
အဆိုပါနေ့က မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့်အဖွဲ့သည် နိုင်လွန်ကတ္တရာ ခင်းနေသည့် ပွဲစားတန်းလမ်းမကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံ အင်ဂျင်နီယာ ဒေါ်မြတ်မြတ်သူက နိုင်လွန်ကတ္တရာလမ်းခင်းနေမှု နှင့်ပတ်သက်၍ လမ်းအရှည် ပေ (၁၂ဝဝ ) ရှိပြီး မလှိုင်မြို့တွင် နိုင်လွန် ကတ္တရာလမ်းအဖြစ် ပထမ ဦးဆုံးခင်းသည့် လမ်းဖြစ်ကြောင်း၊ လမ်းကို အကျယ်(၁၈) ပေ ၊ အရှည်ပေ (၈ဝဝ )နှင့် အကျယ် (၁၆) ပေ ၊ အရှည်ပေ (၄ဝဝ ) နှစ်ပိုင်း ခင်းသွားမည်ဖြစ်ကြောင်း၊ အဆိုပါလမ်းကို ၂ဝ၂ဝ -၂ဝ၂၁ ခု ဘဏ္ဍာရေးနှစ် မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေ ကျပ်သိန်း (၂၆ဝ)ဖြင့် ( ကတ္တရာမပါ ) အကောင်အထည်ဖေါ်ဆောင်ရွက် နေ ခြင်း ဖြစ်ပြီး လိုအပ်သည့် ကတ္တရာကို မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ ထောက်ပံ့ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်းရှင်းလင်း ပြောကြား ခဲ့သည်။ လမ်းခင်းခြင်းလုပ်ငန်းကို စက်တင်ဘာ(၂၆) ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ပြီး စက်တင်ဘာ (၂၈)ရက်နေ့တွင် အပြီးဆောင်ရွက်သွား မည် ဖြစ်ကြောင်း သိရသည် ။
ပွဲစားတန်းလမ်းမသည် မလှိုင်မြို့၏ အဓိက အချက်အခြာကျသည့်လမ်းဖြစ်ပြီး မြို့ပေါ်နေသူများအတွက် သာမက ကျေးလက်နေပြည်သူများ အတွက်ပါ ဒေသထွက်ကုန်များကို မြို့မစည်ပင်သာယာဈေးနှင့် မြို့ပေါ်သို့ လာရောက်ရောင်းချရာတွင်၎င်း၊ ဒေသအတွက် လိုအပ်သည့် ပစ္စည်းများကို လာရောက် ဝယ်ယူရာတွင်၎င်း၊ အဆိုပါလမ်းကို မဖြစ်မနေအသုံးပြု သွားလာနေရသည့် လမ်းဖြစ်၍ ဒေသခံများအတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီး လွယ်ကူချောမွေ့သဖြင့် အဆင်ပြေလျက်ရှိကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)