ကျိူက်မရော စက်တင်ဘာ ၂၈
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ပူးပေါင်း၍ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ရေး ပူးပေါင်းပါဝင်ကူညီပေး ခေါင်းစဉ်ဖြင့် အသိပညာပေး Talk-Show အခမ်းအနားကို စက်တင်ဘာလ ၂၆ ရက်နေ့ နံနက် ၁၁ နာရီ က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာ (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ချိုမြတ်မြတ်ထွေး က (Talk-Show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဒုတိယမြို့နယ်တပ်ဖွဲ့မှူး ဦးမျိုးမင်းဦး က ကိုဗစ်−၁၉ ရောဂါ ဒုတိယလှိုင်းဖြစ်ပေါ်ချိန်မှ ယနေ့တတိယလှိုင်း ဖြစ်ပွားနေစဉ် ကာလအတွင်း ကိုဗစ်−၁၉ ရောဂါ ကူးစက်ခံနေရသည့် positive လူနာများနှင့် သံသယရှိသူ Contact လူနာများအား မြို့နယ် ကိုဗစ်−၁၉ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ၏ လမ်းညွှန်မှုကိုခံယူ၍ လူနာများစာရင်းကောက်ယူခြင်းမှ ကိုဗစ်ထိန်းချုပ်ကုသရေးစင်တာများသို့ အရေးပေါ်ကားများဖြင့် သီးသန့်ခေါ်ဆောင်ပေးပို့ခြင်း လုပ်ငန်းမှအစပြု၍ ယခု ကိုဗစ်−၁၉ ရောဂါ က ကြိုတင်ကာကွယ်ဆေးထိုး လုပ်ငန်းများအထိ ကြက်ခြေနီအသင်း၏ မူဝါဒ၇ချက်အတိုင်း စေတနာထားကာ ပူးပေါင်းကူညီ ဆောင်ရွက်ခဲ့ရပုံများကို ဆွေးနွေးရှင်းလင်းပြောကြားခဲ့သည်။
ကျိုက်မရောမြို့နယ်တွင် ဇူလိုင်လ ၂၆ ရက်နေ့မှစ၍ ကိုဗစ်−၁၉ အတည်ပြုလူနာစတင်တွေ့ရှိခဲ့ရာ ယခုစက်တင်ဘာလ ၂၆ ရက်နေ့အထိ ရောဂါဖြစ်ပွားသူ (၁၁၀၇)ဦးရှိပြီး၊ ကျန်းမာရေးပြန်လည် ကောင်းမွန်၍ ဆေးရုံမှဆင်းခွင့်ရရှိသူ (၁၀၀၁)ဦးရှိပြီး၊ သေဆုံးသူ(၇၈)ဦး ရှိခဲ့ကြောင်း၊ ကျန်ရှိသည့် ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၈ ဦးအား မြို့နယ် ကိုဗစ်-၁၉ ကုသရေးစင်တာဖြစ်သည့် ဆိုင်ကလုံးစင်တာ၌ထားရှိပြီး ပြန်လည်ကောင်းမွန်လာစေရန် စနစ်တကျ ကုသပေးလျက်ရှိကြောင်း မြို့နယ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီထံမှ သိရသည်။
ချိုမြတ်မြတ်ထွေး