သီပေါ စက်တင်ဘာ ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိသော လူနာများအတွက်လိုအပ်သောအောက်ဆီဂျင်များကို သီပေါလူငယ်ပရဟိတ အသင်းနှင့် နယ်စည်းမခြား ပရဟိတအသင်းတို့မှ ကူညီဆောင်ရွက်ပေး လျက်ရှိရာ ယနေ့နံနက် ၈နာရီအချိန်က လားရှိုးမြို့နယ်ခါးရှီကျေးရွာရှိ အောက်ဆီဂျင် စက်ရုံသို့ အောက်ဆီဂျင်အိုး(၉၇)အိုး သွားရောက်ဖြည့်တင်း သယ်ဆောင်ခဲ့ပြီး ယနေ့မွန်းလွှဲ ၁နာရီခွဲအချိန် က ပြန်လည်ရောက်ရှိ ခဲ့ကြောင်းသိရသည်။
သီပေါမြို့နယ် ပြည်သူ့ဆေးရုံတွင် တစ်ရက်လျှင် အောက်ဆီဂျင်အိုး (၁၀၀)နှင့်(၁၁၀)အိုးအကြား အသုံးပြု နေရကြောင်း၊ သီပေါသီတဂူ ကိုဗစ်-၁၉ရောဂါ ကုသရေးစင်တာတွင် တစ်ရက်လျှင် အောက်ဆီဂျင်အိုး(၁၀)အိုး အသုံးပြုနေရကြောင်း၊ သီပေါမြို့နယ်အတွင်း တစ်ရက်လျှင် အောက်ဆီဂျင်အိုး(၁၀၀)အိုးနှင့် (၁၂၀)အိုးအကြား နေ့စဉ် အသုံးပြု နေရကြောင်း၊ တစ်နေ့တည်းတွင် အောက်ဆီဂျင်(၈)အိုးအသုံးပြုရသည့် လူနာ(၅)ဦးခန့်ရှိကြောင်း၊ လိုအပ်သော အောက်ဆီဂျင်များကို ဘက်ပေါင်းစုံမှရရှိအောင် အဆိုပါပရဟိတအသင်းများမှ ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်းနှင့် သီပေါမြို့နယ်ပြည်သူ့ဆေးရုံတွင် လက်ရှိဆေးကုသမှုခံယူနေသည့် ကိုဗစ်-၁၉ရောဂါ အတည်ပြု လူနာ(၆၇)ဦးရှိကြောင်း ပရဟိတအသင်းတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ခင်လေး(မြို့နယ်ပြန်/ဆက်)