ကျောက်ဆည် ဩဂုတ် ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉စီးပွားရေးအပေါ် ထိခိုက်မှု သက်သာ စေရေး စီမံချက်ဖြင့် စိုက်ပျိုးထားသည့် ပြည်ပန်းကျေးရွာ ကွင်းအမှတ်(၁၉၉)၊ ဦးပိုင် အမှတ် (၈၀/၁) တောင်သူဦးမြင့်မောင် စိုက်ပျိုးထားသည့် ဧရာမင်း မျိုးသန့် မျိုးစေ့ထုတ် စပါးခင်းအား ယမန်နေ့ နံနက်(၁၀) နာရီက စိုက်ပျိုးရေးဦးစီးဌာနမှ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှမြင့်အောင်နှင့် တာဝန်ရှိသူများ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံမျိုးစေ့ထုတ် တောင်သူများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်းသိရှိရသည်။
တွေ့ဆုံပွဲတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးလှမြင့်အောင်က ယခုနှစ်မိုးစပါး မျိုးစေ့ထုတ် တောင်သူများအား နိုင်ငံတော်က ကိုဗစ်-၁၉ စီးပွားရေးအပေါ် ထိခိုက်မှုသက်သာစေရေး စီမံချက် ဖြင့် ငွေကျပ်(၁)သိန်းခွဲ ထောက်ပံ့ ပေးထားပါကြောင်း၊ တောင်သူများအနေဖြင့် မျိုးစေ့ထုတ်ရာ တွင် မိမိတို့ ထုတ်လုပ်သောမျိုးများကို တာဝန်ယူ တာဝန်ခံ နိုင်အောင် ဆောင်ရွက်သွား ကြစေလိုကြောင်း၊ ထို့အပြင် လယ်ယာကဏ္ဍ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအစီအမံများ ချမှတ် ဆောင်ရွက်လျက်ရှိပြီး တောင်သူလယ်သမားများအနေဖြင့် နောင်တစ်ချိန်တွင် လယ်ယာမြေ များနှင့် ပတ်သက်၍ မိမိတို့ ကိုယ်တိုင်ဖြေရှင်းနိုင်ရေး၊ ကိုယ်တိုင်စီမံခန့်ခွဲနိုင်သည့်စနစ်များ ဆောင်ရွက်နိုင်ရေးကို မျှော်မှန်းပြီး တောင်သူလယ်သမား အခွင့်အရေး၊ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေအရ တောင်သူလယ်သမားအသင်းအစုအဖွဲ့များ ဖွဲ့စည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ် မျိုးစေ့ထုတ်လုပ်သူများအသင်းဥက္ကဋ္ဌ ဒေါ်လွင်လွင်မေက ကျောက်ဆည် မြို့နယ်တွင် မျိုးစေ့ ထုတ်လုပ်သူများအသင်း ဖွဲ့စည်းဆောင်ရွက်ထားရှိမှုများနှင့် မျိုးစေ့ထုတ် တောင်သူများအတွက် နိုင်ငံတော် မှထောက်ပံ့ထား သည့်ငွေကျပ်(၁)သိန်းခွဲအား မျိုးသန့်မျိုးစေ့ ထုတ်လုပ်ရာတွင် အလေအလွင့်မရှိ နည်းလမ်းမှန် သုံးစွဲသွားနိုင်ရေးအတွက် ဆက်လက် ထောက်ပံ့မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ်တွင် ယခုနှစ်မိုးရာသီ ဧရာမင်း မျိုးသန့်မျိုးစေ့ထုတ်လုပ်ခြင်းများကို ကျေးရွာ အုပ်စု(၃၄) အုပ်စု၊ တောင်သူ(၁၄၅)ဦး၏ လယ်မြေဧက(၆၀၆.၀၈)ဧကတွင် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ နည်းပညာ အကူအညီများဖြင့် သန့်စင်သော မျိုးသန့်မျိုးစေ့များ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ထားရှိကြောင်း ထိုသို့မျိုးစေ့ထုတ် ရောင်းချခြင်းဖြင့် တောင်သူများ ဝင်ငွေပိုမိုရရှိပြီး လူမှုစီးပွားဘဝများလည်း တိုးတက်လာမှာ ဖြစ်ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)