အမ်း စက်တင်ဘာလ ၂၇
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဒုတိယအသုတ် ပထမ အကြိမ်အနေဖြင့် (၁၈)နှစ်အထက် ဦးတည်အုပ်စုအကျုံးဝင်သည့် ပြည်သူများအား စက်တင်ဘာလ (၂၇)ရက် နံနက်(၈)နာရီအချိန် မြို့နယ်အတွင်းရှိ သတ်မှတ်ထားသော ဆေးထိုးစုရပ်(၉)နေရာ၌ ထိုးနှံပေးလျက်ရှိကြောင်းသိရှိရသည်။
မြို့နယ်အဆင့် ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်စာရေးများ၊ စေတနာ့ဝန်ထမ်းပံ့ပိုးကူညီရေးအဖွဲ့များ ပူးပေါင်းပြီး ဆေးထိုးစုရပ်နေရာများ၌ လူစုလူဝေးမဖြစ်ပေါ် စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ကျန်း မာရေးစစ်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ဆေးထိုးပြီး မိနစ်(၃၀)အကြာအနားယူပြီးမှ ပြန်ခွင့်ပြုခြင်းတို့ကိုဆောင်ရွက်၍ စနစ်တကျထိုးနှံပေးလျက်ရှိကြောင်းသိရှိရသည်။
အမ်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဒုတိယအသုတ် ပထမအကြိမ်ထိုးနှံရာ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm 5 Doses)(၁၃၀၀)လုံးကို (၁၈)နှစ်အထက် ဦးတည် အုပ်စုအကျုံးဝင်သည့် ပြည်သူ(၆၅၀၀)ဦးအား ထိုးနှံပေးခြင်းဖြစ်ပြီး အမ်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးသူ အသက်(၆၅)နှစ်အထက် ပြည်သူနှင့် ဦးတည်အုပ်စု(၃၈၀၂)ဦး၊ အသက်(၅၅)နှစ်အထက် ပြည်သူ(၄၈၇၀)ဦး၊ နေရပ်စွန့်ခွာခိုလှုံနေ ပြည်သူ(၁၁၄၀)ဦး စုစုပေါင်း (၉၈၁၂)ဦး ထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန် ရေးကော်မတီထံမှသိရှိရသည်။
ဝင်းအိမွန်