မလှိုင်မြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၇ဝဝ )ကျော်ဆောင်ရွက် ပေးပြီး

                                                    မလှိုင် ၊ စက်တင်ဘာ ၂၇

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ၊ အိမ်ထောင်စု လူဦးရေ စာရင်းများကို ကွင်းဆင်း ဆောင်ရွက် ပေးလျှက်ရှိရာ ယမန်နေ့က ကံတွင်း ကျေးရွာ အုပ်စုမှ နိုင်ငံသားကတ် မရရှိသေးသူများ အား မြို့နယ်ရုံးသို့ ခေါ်ယူ၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည် ။

ရှေးဦးစွာ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ရန် လာရောက် သူများကို  မြို့နယ် လဝက ဦးစီးမှူး ဦးဌေးဝင်းက ပန်းခင်းစီမံချက် အကြောင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား မရှိသေးသူများကို နိုင်ငံသား ကတ်ပြုလုပ် ပေးရသည့် ရည်ရွယ်ချက်၊ နိုင်ငံသား တစ်ဦးအနေဖြင့်ရရှိမည့် အကျိုးခံစား ခွင့်များကို ရှင်းလင်း ပြောကြားပြီး နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ဆောင်ရွက်ပေးခဲ့ရာ ကံတွင်း ကျေးရွာမှ (၃)က ၊(၆)က နိုင်ငံသားကတ် မရှိသေးသူ (၂၂) ဦး နှင့်အိမ် ထောင်စု လူဦး‌ရေ စာရင်း(၆)စု ကို ဆောင်ရွက်ပေးခဲ့သည် ။

“ ကျနော်တို့ဌာနက နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသူများကို ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စု  လူဦးရေ စာရင်းများကို (၃.၅.၂ဝ၂၁ )မှ  စတင်၍ ကွင်းဆင်းပြီး ဆောင်ရွက်ပေးနေပါတယ် ဒီအပြင် ကိုဗစ်ကာလမှာ လူစုလူဝေးမဖြစ်စေရန်၊ ရုံးဝန်ထမ်းများလည်း ရောဂါကူးစက် မခံရစေရန် အချို့ကျေးရွာများကို ရုံးမှာ ခေါ်ယူပြီး ကိုဗစ်စည်းကမ်းချက်များနှင့်အညီလည်း ဆောင်ရွက် ပေး လျက်ရှိပါတယ် ၊ ဒီနေ့အထိ အသက် ၁၆ နှစ် နှင့် ၁၈ နှစ်အကြား (၃က) နှင့် အသက် ၁၈ နှစ် နှင့် အထက် (၆က) နိုင်ငံသားကတ် မရ ရှိသေးသူ (၁၇၈၁ ) ဦး ကို ဆောင်ရွက် ပေးနိုင်ခဲ့ပါတယ် ၊ ယခု ရုံးမှာ ဆောင်ရွက် ပေးနေတာက ကံတွင်းကျေးရွာ အုပ်စုပါ  ” ဟု မြို့နယ် လဝက ဦးစီးမှူး ဦးဌေးဝင်းက ပြောပြခဲ့သည် ။

မလှိုင်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ( ၃.၅.၂ဝ၂၁ ) မှ စတင်ဆောင်ရွက်ပေးလျှက်ရှိရာ ယနေ့အထိ  (၃က) လူဦးရေ (၂ဝ၂ ) ဦး ၊ (၆က) လူဦးရေ ( ၁၅၇၉ )ဦး ၊ အိမ်ထောင်စု လူဦးရေ        ( ၂၉ ) စုကို ဆောင်ရွက်ပေး  နိုင်ခဲ့ကြောင်းသိရသည် ။                            

အောင်ဌေး(မလှိုင်)