ရန်ကုန် စက်တင်ဘာ ၂၇
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်အသင်းနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ဆန်စျေးနှုန်း တည်ငြိမ်စေရေးနှင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ပြည်သူများ အဓိကစားသောက်ကုန်ဖြစ်သည့် ဆန်အပါအဝင် သန့်ရှင်း လတ်ဆတ်သော အခြေခံစားသောက်ကုန်များအား စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်စေ ရေးအတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း စျေးကားများဖြင့် (Mobile Market) ဖွင့်လှစ်၍ အိမ်တိုင် ရာရောက် လိုက်လံလှည့်လည် ဖြန့်ဖြူးရောင်းချပေးလျက်ရှိပြီး ယခုအခါ တိုင်းဒေသကြီးအတွင်းရှိ ဝင်ငွေနည်း အိမ်ထောင်စု များအား စနစ်တကျ ရွေးချယ်စာရင်းပြုစု ပြီး (Good Rice–Good Price) အစီအစဉ်ဖြင့် ဧည့်မထသန့်စင်ပြီး ဆန်ဖြူနှင့် ပေါ်ဆန်းမွှေးဆန်များအား ဖြန့်ဖြူးရောင်းချပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း တာမွေမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုအရ မြို့နယ်အတွင်းရှိ ဝင်ငွေနည်းအိမ်ထောင်စု တွေကို အလွန်စျေးသက်သာပြီး အရည်အသွေးကောင်းမွန်တဲ့ ဆန်အိတ်များအား ၎င်းတို့ လက်ဝယ် အရောက် ဖြန့်ဖြူးရောင်းချပေးနိုင်ရေးအတွက် မြို့နယ်အတွင်းမှာရှိတဲ့ ဝင်ငွေနည်းအိမ်ထောင်စု စာရင်းတွေကို စနစ်တကျ စိစစ်ရွေးချယ် စာရင်းပြုစု၍ သက်ဆိုင်ရာ ရပ်ကွက်များ အလိုက် ဝယ်ယူလိုသည့် အရေအတွက်တွေကို စာရင်းကောက်ယူမှုတွေ ဆောင်ရွက်နေပါကြောင်း၊ ဒါ့အပြင် ရပ်ကွက်များအတွင်း သတ်မှတ်နေ့ရက်များအလိုက် ဆန်အိတ်များကို လိုက်လံဖြန့်ဖြူးရောင်းချရာ တွင် ပြည်သူများအနေဖြင့် စိတ်အေးချမ်းသာစွာ ဝယ်ယူနိုင်စေရေး၊ လာရောက်ရောင်းချရာတွင် နေရာထိုင်ခင်းအဆင်ပြေစေရေးနှင့် ကိုဗစ်ကာလဖြစ်တဲ့ အတွက် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးတို့အတွက် လုံခြုံရေးအပါအဝင် လိုအပ်သည်များ ပူးပေါင်းကူညီ ဆောင်ရွက်နိုင်စေရေးအတွက် မြို့နယ်အတွင်းမှာရှိတဲ့ သက်ဆိုင်ရာဌာနတွေနဲ့ ညှိနှိုင်းဆောင်ရွက်မှုများ ဆောင်ရွက်လျက်ရှိပါကြောင်း တာမွေမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ထိုသို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဝင်ငွေနည်းအိမ်ထောင်စုများအား (Good Rice–Good Price) အစီအစဉ်ဖြင့် အလွန် စျေးသက်သာပြီး အရည်အသွေးကောင်းမွန်သောဆန်အိတ်များအား ဖြန့်ဖြူးရောင်းချပေးရာတွင် (Myanmar White Rice)(သန့်စင်ပြီး ဆန်ဖြူ) (Single Polished and Sorted)-11 ကီလို (၅)ပြည်တစ်အိတ်လျှင် ကျပ်ငါးထောင်နှုန်း ထားဖြင့်လည်းကောင်း၊ (Myanmar Paw San) (ပေါ်ဆန်းမွှေးဆန်) (Single Polished and Sorted)-11 ကီလို (၅)ပြည် တစ်အိတ်လျှင် ကျပ်ရှစ်ထောင့်ငါးရာ နှုန်းထားဖြင့်လည်းကောင်း ရောင်းချပေးသွားမည်ဖြစ်ရာ တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် အသီးသီးမှ ဆန်လိုအပ်မှုရှိသည့် ဝင်ငွေနည်းအိမ်ထောင်စုများ၊ စက်မှုဇုန်များရှိ အလုပ်သမား မိသားစုများအနေဖြင့် မည်သူမဆို စျေးနှုန်းသက်သာစွာဖြင့် လွတ်လပ်စွာ ဝယ်ယူနိုင် ကြောင်း သတင်းရရှိသည်။
နိုင်လင်းအောင်(ပြန်/ဆက်)