မိုးနဲ စက်တင်ဘာ ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်ကြက်ခြေနီအသင်းခွဲ၏စီစဉ်မှုဖြင့် ကျေးရွာများတွင် ကြက်ခြေနီလှုပ်ရှားမှုနှင့် ရှေးဦးပြုစုခြင်းများကို ပိုမိုနားလည်ပြီး တပ်ဖွဲ့ဝင်အင်အား ပိုမိုတိုးပွားလာစေရန်ရည်ရွယ်၍ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ မွမ်းမံသင်တန်း (၂/၂၀၂၁) ဖွင့်လှစ်ပို့ချခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မိုက်ဟိုင်းကျေးရွာအုပ်စု ဆဲဖယ်(ရွာသစ်) ကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျေးရွာတာဝန်ခံ ဦးလောဝ်ဆီး ကအဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကြက်ခြေနီ အသင်းခွဲမှ ကြက်ခြေနီတပ်ဖွဲ့မှူး ဦးနိုင်မင်းထွန်းက သင်တန်းဖွင့်လှစ်ပို့ချပေးရခြင်း၏ ရည်ရွယ်ချက်များကိုရှင်းလင်း ပြောကြားခဲ့ပြီး ကြက်ခြေနီတပ်ဖွဲ့မှူးနှင့် ကြက်ခြေနီတပ်စုမှူး နန်းထွေထွေးငယ်တို့က ဒါဏ်ရာအမျိုးမျိုး၊ သွေးယိုစီးခြင်း၊ အရိုးကျိုးခြင်း၊ လူနာစမ်းစစ်ခြင်း၊ ပတ်တီးစည်းနည်း စသည့်ရှေးဦးပြုစုခြင်း ဆိုင်ရာ သင်ခန်းစာများကို လက်တွေ့သရုပ်ပြ ပို့ချပေးခဲ့ကြသည်။
အဆိုပါ သင်တန်းသို့ ဆဲဖယ်ကျေးရွာ အပိုင်း(၆) မြောင်ဇီရွာနှင့်ဘုရားဖြူကျေးရွာတို့မှ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင် ၁၅ ဦး တက်ရောက်ခဲ့ပြီး သင်တန်းကို နှစ်ရက်ကြာသင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တာဝန် ရှိသူ၏ ပြောကြားချက်အရ သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)