သီပေါ စက်တင်ဘာ ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် နှလုံးသားပရဟိတအဖွဲ့မှ ကိုဗစ်-၁၉ရောဂါ ကာကွယ်နိုင်စေရန်အတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ လှူဒါန်းခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက သီပေါမြို့နယ်သိမ်တောင်ပေါ်ရှိဘုန်းကြီးကျောင်းများသို့ သွားရောက် လှူဒါန်းပေး ခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းပေးရာတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများဖြစ်သည့် နှာခေါင်းစည်း (Mask)(၄)ဘူး၊ လက်သန့်ဆေးရည်(Hand Spray)(၃)ဘူး၊ အပူချိန်တိုင်းတာစက်(၁)ခုနှင့် အောက်ဆီဂျင် တိုင်းတာစက် (၁)ခု စသည့်ပစ္စည်း(၄)မျိုးစီကို ကိုးဆူတောင်၊ ငါးဆူတောင်၊ သုံးဆူတောင်နှင့် နတ်ဆေးတောင်များရှိဘုန်းကြီးကျောင်း (၄)ကျောင်းသို့လှူဒါန်းပေးခဲ့ကြောင်းနှင့် ဆက်လက်၍ လိုအပ်သည့် အခြားနေရာများသို့လည် လှူဒါန်းပေးသွားမည် ဖြစ်ကြောင်းအဆိုပါအသင်းတာဝန်ရှိသူတစ်ဦးထံမှသိရသည်၊
သီပေါမြို့နယ် နှလုံးသားပရဟိတအဖွဲ့မှ မြို့နယ်အတွင်း ပိုးတွေ့လူနာအိမ်များ၊ လူနေအိမ်များ၊ ဘုန်းကြီးကျောင်းများ၊ သီလရှင်စာသင်တိုက်များ၊ ဘာသာရေး ကျောင်းများ၊ ဈေးများ၊မြို့နယ်အတွင်းရှိ ကျေးရွာများ စသည့် နေရာများတွင် ပိုးသတ်ဆေးဖျန်းပေးခြင်းများကို အခမဲ့ဆောင်ရွက်ပေးခြင်း၊ အခြေခံ လူတန်းစားအိမ်ထောင်စုများ အတွက်အခြေခံစားသောက်ကုန်များ၊ အဝတ်အထည်များ လှူဒါန်းပေးခြင်း၊ အလှူငွေများထောက်ပံ့လှူဒါန်းပေးခြင်းနှင့်တိုက်ပွဲရှောင်ပြည်သူများအား အစားအသောက်၊ အဝတ်အထည် လိုအပ်သည်များကို လှူဒါန်းပေးခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်လေး(ပြန်/ဆက်၊သီပေါ)