မိုင်းဖြတ်မြို့နယ်၌ “ပန်းခင်းစီမံချက်” လုပ်ငန်းများဆက်လက်ကွင်းဆင်းဆောင်ရွက်လျက်ရှိ

မိုင်းဖြတ်  စက်တင်ဘာ ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ “ပန်းခင်းစီမံချက်”ဖြင့် အိမ်ထောင်စုလူဦးရေစားရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ရက်ကွက်နှင့်ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက နမ့်ယွန်းကျေးရွာ အုပ်စုသို့  ကွင်းဆင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ   လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ် ဦးစီးမှူး ဦးမြင့်ဌေးက   “ပန်းခင်းစီမံချက်”ဖြင့် ပြည်သူများသို့ အိမ်ထောင်စုလူဦးရေ စားရင်းနှင့် နိုင်ငံသားစိစစ်ရေးပြားများ ကွင်းဆင်းဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်များ၊  ပန်းခင်းစီမံချက်ပါ  ဆောင်ရွက်ပေးသည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသား ကတ်ကိုင်ကြစို” အသိပညာပေး လက်ကမ်း စာစောင်များကို ဖြန့်ဝေပေးခဲ့သည်။

ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးမှူး ဦးအောင်မြင့်ထွန်းနှင့် ဝန်ထမ်းများက  နမ့်ယွန်းကျေးရွာအုပ်စုအတွင်းရှိ  ကျေးရွာများကို   နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်း ဆောင်ရွက်ပေးခဲ့ရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင်၊ မြို့နယ်ဦးစီးမှူး ဦးမြင့်ဌေးတို့က လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။  နမ့်ယွန်းကျေးရွာ အုပ်စုအတွင်း   နိုင်ငံသားစိစစ်ရေးကတ်ပြားလျှောက်ထားသူ (၄၆)ဦးနှင့် အိမ်ထောင်စုလူဦးစာရင်း လျှောက်ထားသူအိမ်ထောင်စု(၁၀)စုတို့ကို (အခမဲ့) ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သန်းထွန်းအေး