မအီ စက်တင်ဘာ ၂၇
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ မအီမြို့၊ မအီတောရကျောင်း၊ ရတနာ့မာရ်အောင်တောရဓမ္မရိပ်သာခွဲ၊ ရတနာ့မာရ်အောင် တောရဓမ္မ ရိပ်သာများ၏ နာယကချုပ်၊ ပြည်တွင်း ပြည်ပ နယ်လှည့် ဓမ္မကထိက အဂ္ဂမဟာကမ္မဋ္ဌာနစရိယ ဝနဝါသီ အရှင်ဝါယာမိန္ဒ (မြောက်ဦးဆရာတော်)၏ သက်တော်(၆၂) နှစ်ပြည့် ဝိဇာတ မွေးနေ့ပူဇော်ပွဲကို ၁၃၈၃ ခုနှစ်၊ တော်သလင်းလပြည့်ကျော်(၆)ရက်၊ (၂၆-၉-၂၀၂၁)ရက်နေ့ နံနက် ၈ နာရီတွင် မအီတောရကျောင်းဝင်းအတွင်း၌ ပြည်တွင်း ပြည်ပအလှူရှင်များမှ စုပေါင်းပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရတနာ့မာရ်အောင် တောရဓမ္မ ရိပ်သာများ၏ နာယကချုပ်၊ ပြည်တွင်းပြည်ပနယ်လှည့်ဓမ္မကထိက အဂ္ဂမဟာကမ္မဋ္ဌာနစရိယ ဝနဝါသီ အရှင်ဝါယာမိန္ဒ (မြောက်ဦးဆရာတော်)၏ သက်တော်(၆၂) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် မအီတောရကျောင်းဝင်းအတွင်း၌ တည်ထားကိုးကွယ်သော ဉာဏ်တော်ပေ(၉၀)ရှိ “ဆုတောင်းပြည့် အဓိဋ္ဌာန်အောင် လျောင်းတော်မူ ဘုရားကြီး”အား ပင့်သံဃာအရှင်သူမြတ်အပါး(၂၀၀)ဖြင့် ဗုဒ္ဓဘိသေက အနေကဇာတင် ပူဇော်ပွဲကို လည်းကောင်း၊ မြောက်ဦးဆရာတော် အရှင်ဝါယာမိန္ဒ၏ သက်တော်(၆၂)နှစ်ပြည့် သိက္ခာတော်ထပ်ခြင်း ကို လည်းကောင်း ကျင်းပခဲ့ပြီးနောက် အနယ်နယ်၊ အရပ်ရပ် မှ ရောက်ရှိလာသော ဒါယကာ၊ ဒါယိကာမတို့၏ သိမ်ဆွမ်းလောင်းလှူခြင်းကို ခံယူခဲ့သည်။
ထို့နောက် မြောက်ဦးဆရာတော်၏ သက်တော်(၆၂)နှစ်ပြည့် ဝိဇာတ မွေးနေ့ပူဇော်ပွဲ အခမ်းအနားကို မအီတောရကျောင်းဝင်းအတွင်းရှိ ဓမ္မာရုံ၌ နံနက် ၉ နာရီတွင် ဆက်လက်ကျင်းပခဲ့ရာ “နမောတဿ” သုံးကြိမ် ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး “ဩကာသ” ဘုရားရှိခိုး ကန်တော့ချိုးဖြင့် ညီညီညာညာ ကန်တော့ကြပြီးနောက် မြို့နယ်အသီးသီးမှ ရောက်ရှိလာကြသော ဒါယကာ၊ ဒါယိကာမ များအား မြောက်ဦးဆရာတော် အရှင်ဝါယာမိန္ဒနှင့် ပင့်သံဃာအရှင်သူမြတ်တို့မှ ဓမ္မတရားတော်များ ကို ချီးမြှင့်ဟောကြားပေးခဲ့ပြီး ဒါယကာ၊ ဒါယိကာမ များမှ လှူဖွယ် ဝတ္ထုအစုစုကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
အဆိုပါ မြောက်ဦးဆရာတော် အရှင်ဝါယာ မိန္ဒ၏ သက်တော်(၆၂)နှစ်ပြည့် ဝိဇတ မွေးနေ့ပူဇော်ပွဲသို့ မအီမြို့နှင့် နီးစပ်သော ကျောက်ဖြူ၊ ရမ်းဗြဲ၊ အမ်း၊ တောင်ကုတ် စသော မြို့နယ်အသီးသီးမှ ကြည်ညိုသဒ္ဓါ ပွားဖူးမြော်နိုင်ရန် စည်ကားသိုက်မြိုက်စွာ ရောက်ရှိလာကြသော ဒါယကာ၊ ဒါယိကာမ များအား မနက်စာ၊ ညနေစာ စတုဒီသာ ထမင်း၊ ဟင်း ကျွေးမွေးလှူဒါန်းခဲ့ရာ ဧည့်ခံကျွေးမွေးရေး အဆင်ပြေစေရေး အတွက် စေတနာရှင် ပရဟိတ လူငယ်များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြ ကြောင်း သိရသည်။
ထိုသို့ မြောက်ဦးဆရာတော်မွေးနေ့အထိမ်းအမှတ်အဖြစ် ကျောက်တောင်ကြီးထွင်း၍ ပူဇော်ကိုးကွယ်ထားသည့် “ဆုတောင်းပြည့် အဓိဋ္ဌာန်အောင် လျောင်းတော်မူ(ကျောက်ဆစ်လက်ရာ) ဘုရားကြီး” သည် ဉာဏ်တော်ပေ (၉၀)ရှိပြီး တောင်၏ နံရံတွင် ပူဇော်သွန်းလုပ်နေထားခြင်း ဖြစ်သည်။ ဘုရာကြီး၏ အောက်တွင် မဂ္ဂင်(၈)ပါးအား ရည်ရွယ်လျှက် ဂူပေါက်(၈)ပေါက်ထွင်းထုပြီး၊ ထိုဂူပေါက်တစ်ပေါက်လျှင် ဉာဏ်တော်အမြင့် (၃) ပေရှိသည့် ထိုင်တော်မူဘုရားဆင်းထုတော် တစ်ဆူစီ ထည့်သွင်း ပူဇော်ထားကြောင်းလည်း သိရသည်။
အဆိုပါ “ဆုတောင်းပြည့်အဓိဋ္ဌာန်အေင် လျောင်းတော်မူဘုရားကြီး”ကို မန္တလေးမြို့၊ စကျင်တောင် ဦးစံဟိန်းအဖွဲ့ မှ စီမံဖန်တီး ထုဆစ်ပူဇော်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။
သိန်းထွန်းအောင်၊ မောင်မောင်ဌေး