ရန်ကုန် စက်တင်ဘာ ၂၇
နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် အရည်အသွေးမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်သော အသိပညာရှင်၊ အတတ်ပညာရှင်၊ နည်းပညာနှင့် သက်မွေးပညာ ကျွမ်းကျင်သူများကို အဆင့်အလိုက် မွေးထုတ်ပေးနိုင် ရေးအတွက် ရည်ရွယ်၍ နိုင်ငံတော်အစိုးရ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ ဒလမြို့နယ်၌ အစိုးရစက်မှုလက်မှုသိပ္ပံ(ဒလ)ကို ၁၁/၁၄ ရပ်ကွက်အတွင်းရှိ ကွင်းအမှတ် ၁၈၆ မြေ ၂၅ ဧက ပေါ်တွင် ၂၀၁၉-၂၀၂၁ ဘဏ္ဍာရေးနှစ်မှ စတင်ပြီး ခွင့်ပြုရန်ပုံငွေ နိုင်ငံတော်ဘတ်ဂျက်ဖြင့် နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက် အကောင်အထည်ဖော် တည်ဆောက်လျက်ရှိ ကြောင်း သိရသည်။
“ကျွန်တော်တို့ လက်ရှိအချိန်မှာ အစိုးရစက်မှုလက်မှုသိပ္ပံ(ဒလ) တည်ဆောက်ရေးလုပ်ငန်းပြီးစီးမှု အခြေအနေ ပြောရရင် သင်တန်းသား/သင်တန်းသူဆောင်က ၁၀၀ ရာခိုင်နှုန်း တည်ဆောက်ပြီးစီးသွားပြီဖြစ်ပါတယ်၊ လာမည့်နှစ် ဘတ်ဂျက်မှာ Stree Structure အလုပ်ရုံ (၂)ရုံ၊ အလျား ၁၉၂ ပေ၊ အနံ ၃၈ ပေ ၃ထပ် စာသင်ဆောင်(၁)လုံးနဲ့ ဝန်ထမ်း အိမ်ရာ(၁)လုံး တည်ဆောက်ပြီးစီးမှာဖြစ်ပါတယ်၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်က စပြီးတော့ နှစ်အလိုက် ရရှိတဲ့ ဘတ်ဂျက်နဲ့ ဆောင်ရွက်နေ တာဖြစ်ပါတယ်၊ ခုတည်ဆောက်ရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နေပြီး ဖြစ်ပါတယ်၊ အစိုးရစက်မှု လက်မှုသိပ္ပံကျောင်း (ဒလ) တည်ဆောက်ပြီးစီးသွားရင်၊ သက်ဆိုင်ရာ မေဂျာဘာသာရပ် အပေါ်မူတည်ပြီး သင်ကြားပေး သွားမှာဖြစ်ပါတယ်၊ တစ်နှစ်ကို AGTI (Diploma) အင်ဂျင်နီယာ ၃၀၀ ဦးခန့် မွေးထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်” ဟု နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာန အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်) ကျောင်းအုပ်ကြီး ဦးမြတ်ကိုက ပြောသည်။
အစိုးရစက်မှုလက်မှုသိပ္ပံ(ဒလ) တည်ဆောက်ရေးစီမံကိန်းတွင် အလျား ပေ ၁၉၂ ပေ၊ အနံ ၃၉ ပေရှိ RC(၃)ထပ် စာသင်ဆောင်၊ အလျား ၇၈ ပေ၊ အနံ ၉၄ ပေရှိ ဝန်ထမ်းအိမ်ရာ သံကူကွန်ကရစ်(၄)ခန်းတွဲ (၄)ထပ် ၂ လုံး၊ အလျား ၁၂၅ ပေ၊ အနံ ၈၂ ပေ၊ အမြင့် ၁၈ ပေ ရှိ Stree Structure အလုပ်ရုံ(၁)ထပ် (၂)လုံး၊ ဧရိယာ ၁၅ ဧက အရှည် ၅၃၄၄ ပေ၊ ဂိတ်တံခါး အဝင်အထွက်(၂) ၂၀ ပေ အပါအဝင်၊ ရေရရှိရေးလုပ်ငန်းများနှင့် မီးရရှိရေးလုပ်ငန်းများ၊ အလျား ၅၀ ပေ၊ အနံ ၃၆ ပေ ရှိ သံကူကွန်ကရစ်(၁)ထပ် အုပ်ချုပ်မှုဆောင်၊ အလျား ၃၆ ပေ၊ အနံ ၄၈ ပေ ရှိ သံကူကွန်ကရစ်(၁)ထပ် Kitchen Theatre၊ အလျား ၆၀ ပေ၊ အနံ ၅၀ ပေရှိ သံကူကွန်ကရစ်(၁)လုံး အထွေထွေသုံးခန်းမဆောင်၊ အလျား ၈၈ ပေ၊ အနံ ၄၄ ပေရှိ သံကူကွန်ကရစ်(၂)ထပ် သင်ကြားရေးဆောင်၊ အလျား ၁၅၆ ပေ၊ အနံ ၄၀ ပေရှိ သံကူ ကွန်ကရစ်(၂)ထပ် လက်တွေ့သင်ကြားရေးဆောင်၊ အလျား ၁၅၂ ပေ၊ အနံ ၃၄ ပေရှိ သံကူကွန်ကရစ်(၂)ထပ် သင်တန်းသား/သင်တန်းသူဆောင်၊ အလျား ၇၈ ပေ၊ အနံ ၉၄ ပေရှိ သံကူကွန်ကရစ်(၄)ခန်းတွဲ (၄)ထပ် ဝန်ထမ်းအိမ်ရာ ၁ လုံး၊ အလျား ၂၁၇ ပေ၊ အနံ ၁၃၀ ပေ၊ သံကူကွန်ကရစ်(၃)ထပ် ပင်မဆောင် စသည့်တို့အပါအဝင် ရေ၊ မီး၊ မိလ္လာ၊ Apron & Drain၊ ရေလှောင်ကန်များ ပါဝင်ကြောင်း သိရသည်။
အစိုးရစက်မှုလက်မှုသိပ္ပံ(ဒလ) တည်ဆောက်ပြီးစီးပါက ရန်ကုန်မြို့၏ မြစ်တစ်ဖက်ကမ်းတွင်တည်ရှိသော ရန်ကုန် တောင်ပိုင်းခရိုင် အတွင်း ပါဝင်သည့် ဒလမြို့နယ်၊ တွံတေးမြို့နယ်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ကော့မှူးမြို့နယ်၊ ကွမ်းခြံကုန်း မြို့နယ်များနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှစက်မှုလက်မှုအတတ်ပညာဖြင့် အသက်မွေး ဝမ်းကြောင်ပြုရန် စိတ်ဝင်စားသော ဒေသခံလူငယ်လူရွယ်များစွာ ပညာသင်ကြားခွင့် ရရှိနိုင်မည်ဖြစ်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိပြီး နိုင်ငံတော် တည်ဆောက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပေသည်။
ထို့အတူ ပညာအရည်အချင်း နည်းပါးသူများ၏ နေထိုင်မှုဘဝ အရည်အသွေးတိုးတက်ကောင်းမွန်စေရန် အခြေခံပညာ အလယ်တန်း၊ အထက်တန်း၊ တန်းညှိအစီအစဉ်များနှင့် သက်မွေးမှုသင်တန်း အစီအစဉ်များဖြင့် ဆက်လက်ပညာ ဆည်းပူးနိုင်သော အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်း၊ နည်းပညာနှင့် သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးပညာရပ် များကို တက္ကသိုလ်များ၏ ပညာရပ်များနှင့် တန်းတူဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
နိုင်လင်းကျော်(IPRD)