ကျောက်ဖြူမြို့တွင် (၅၇)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့ အကျိုးပြု လုပ်ငန်းများနှင့် စုပေါင်းသွေးလှူဒါန်း

ကျောက်ဖြူ   စက်တင်ဘာ  ၂၆

အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်မည့် (၅၇)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ကျောက်ဖြူမြို့၊ တောင်ရင်းရပ်ကွက်၊ ဘိုးဘွားရိပ်သာတွင် ယနေ့နံနက် (၇) နာရီ အချိန်က ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့များ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့သည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မင်းစံဦးနှင့် မြို့နယ် ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး တင်မောင်ဆွေတို့ ဦးဆောင်မှုဖြင့် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ ကျောက်ဖြူမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ အမှတ်(၄၈)မူးယစ် တပ်ဖွဲ့စုမှူး ရုံးမှ တပ်ဖွဲ့ဝင်များ၊ အမှတ်(၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များ၊ ရေကြောင်းရဲတပ်ဖွဲ့ဝင်များ၊ ရေနံ မြေလုံခြုံရေး ရဲတပ်ဖွဲ့များ၊ လေကြောင်းလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၊ သတင်းရဲတပ်ဖွဲ့နှင့် အမှတ်(၃၂) လုံခြုံရေး ရဲတပ်ဖွဲ့ စုပေါင်းအင်အား (၁၂၁)ဦးတို့မှ ဘိုဘွားရိပ်သာခြံဝင်း အတွင်းရှိ အမှိုက်များ၊ မြက်များ၊ ခြုံနွယ်ပိတ်ပေါင်းများအား ခုတ်ထွင်ရှင်းလင်းခြင်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမှတ်(၃၂)လုံခြုံရေးရဲတပ်ဖွဲ့မှ ယာယီရဲမှူးကြီး မျိုးဝဏ္ဏဦးဆောင်၍ ယမန်နေ့က ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီးရှိ သွေးလှူဘဏ်တွင် အရာရှိ(၈) ဦး၊ အခြားအဆင့်(၁၂)ဦး၊ မိသားစုဝင်(၅)ဦး၊ (၂၅)စုပေါင်းသွေးလှူဒါန်းခဲ့သည်။ 'ယခုကမ္ဘာဝန်း မှာ ဖြစ်ပွားနေသည့် ကမ္ဘာကပ်ရောဂါအခြေများကြောင့် ရန်ကုန်မြို့သို့သွားရောက်ပြီး ဆေးကုသရန် အခက်အခဲရှိနေတဲ့အတွက် ခရိုင်ဆေးရုံကြီးသို့ အနီးအနားပတ်ဝန်းကျင်ကျေးရွာတွေက လူနာတွေက အားကိုးတကြီးလာရောက်ကြတဲ့အခါ သွေးအခက်အခဲရှိတယ်၊ ယခု ကိုဗစ်အခြေ အနေတွေကြောင့် လူတိုင်းသွေးလှူဖို့က မဖြစ်နိုင်ဘူးလေ ယခုလို စုပေါင်းသွေးလှူကြတော့ ကျေးဇူးလည်း အထူးတင် ပါတယ် လောလောဆယ် အခြေအနေတစ်ရပ်အထိတော့ အဆင်ပြေသွားတာပေါ့နော် ကိုဗစ်မဖြစ်ခင် နှစ်တွေမှာဆိုရင် သွေးအလုံး (၅၀) လောက်စုပေါင်း လှူကြတယ်' လို့  ကျောက်ဖြူသွေးလှူရှင်အသင်းမှ အဖွဲ့ဝင် ဦးထွန်းထွန်းနိုင်ကပြောသည်။

ဖြိုးဝေလင်း