ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် အခြေခံစားသောက်ကုန်ပစ္စည်းများအား သင့်တင့်မျှတသော စျေးနှုန်းများဖြင့် စျေးကားများ ဆက်လက်လိုက်လံရောင်းချ

ဒဂုံတောင် စက်တင်ဘာ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် အခြေခံစားသောက်ကုန် ပစ္စည်းများအား သင့်တင့်မျှတသော စျေးနှုန်းများဖြင့် လိုက်လံရောင်းချ ပေးလျက်ရှိရာ ယနေ့နံနက် (၀၇:၀၀)နာရီအချိန်က မြို့နယ်အတွင်းရှိ အမှတ် (၂၀)ရပ်ကွက်၊ မြိတ်လမ်းနှင့် ဂျိုးဖြူလမ်းထောင့်တွင်လည်း ပြည်သူများ သန့်ရှင်းလတ်ဆတ်ပြီး စျေးနှုန်းသက်သာစွာ ဆက်လက်ဝယ်ယူစားသုံးနိုင်ရေး ရည်ရွယ်ချက်ဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့် အသားထုတ်လုပ်ရုံ စီမံခန့်ခွဲမှုဌာန အစီအစဉ်ဖြင့် ဆက်လက် လိုက်လံ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ လိုင်စင်စီခွင့်ပြုရယူထားသော အမဲ၊ ကြက်၊ ဝက်၊ ဆိတ်အသားများအား မော်တော်ယဉ်များဖြင့် အမဲသား ၁ ပိဿာလျှင် ၁၂၀၀၀ ကျပ်၊ ကြက်သား ၁ ကောင်လျှင် ၅၀၀၀ ကျပ်၊ ဝက်သား ၁ ပိဿာလျှင် ၁၀၀၀၀ ကျပ်၊ ဆိတ်သား ၁ ပိဿာလျှင် ၁၇၀၀၀ ကျပ်ဖြင့် ရောင်းချပေးခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ရောဂါကူးစက်မှု မဖြစ်ပေါ်စေရေး မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ရုံးဝန်ထမ်းများက ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ လိုက်လံရောင်းချ မှုများကိုယ် မြို့နယ်အတွင်း အခြားသော ရပ်ကွက်အချို့တွင်လည်း ဆက်လက် လိုက်လံရောင်းချပေးနေမည် ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူတစ်ဦးထံမှ သတင်းရရှိသည်။

သက်မင်းဟန်