ကျိုင်းတုံ စက်တင်ဘာ ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အသက် ၈၅ နှစ်အထက် ဘိုးဘွားများအတွက် လူမှုရေးပင်စင် ထောက်ပံ့ခြင်းအား အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်ရက်နေ့ နံနက် ၁၀ နာရီခွဲက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ပြုလုပ်သည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဦးထိန်လင်းက Talk Show ဆွေးနွေးပွဲ ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျိုင်းတုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်က အသက် ၈၅ နှစ်အထက်ဘိုးဘွားများအား ခက်ခဲမှုမရှိစေရေး နိုင်ငံတော်မှ သုံးလကို တစ်ကြိမ် ၃၀၀၀၀ နှုန်းဖြင့် ဘိုးဘွား ပြည်သူများကို ထောက်ပံ့ပေးခြင်း ဖြစ်ကြောင်း၊ အကျိုးခံစားခွင့်ရှိသည့် ဘိုးဘွားများလက်ဝယ်အရောက်ကို မိမိတို့ဌာနဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ ပူးပေါင်းပြီး သွားထောက်ပံ့မှု အခြေအနေများ စသည့်တို့ကို အသိပညာပေး ဆွေးနွေး ပြောကြားသည်။
အဆိုပါ Talk Show ဆွေးနွေးပွဲကို ကျိုင်းတုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ အသိပညာ ဗဟုသုများတိုးပွားစေရန်အတွက် စီစဉ်ရိုက်ကူးကာ We Love Kyainge tong Facebook Page တွင် ဖော်ပြတင်ဆက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်