သီပေါ စက်တင်ဘာ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန် ရည်ရွယ်၍ အသိပညာပေး နှိုးဆော်ခြင်းများကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များတွင်သာမက မြို့နယ်အတွင်းရှိ ကျေးရွာများအရောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် သီပေါမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန်အတွက် အတတ်နိုင်ဆုံး အိမ်တွင်း၌သာ နေထိုင်ကြရန်၊ ပြင်ပမှဧည့်သည်များ လက်မခံရန်နှင့် အခြားသူများထံ သွားရောက်ခြင်းမပြုရန်၊ အပြင်ထွက်ပါက ပါးစပ်နှာခေါင်းစည်း (Mask)ကို စနစ်တကျတပ်ဆင်၍ သွားလာကြရန်၊ လက်ကိုမကြာခဏဆပ်ပြာနှင့် စနစ်တကျစက္ကန့်(၂၀)ကြာ ဆေးကြောရန်၊ လူထူထပ်သည့်နေရာများသို့ သွားရောက်ခြင်းမှရှောင်ကြဉ်ရန်၊ နှာခေါင်းစည်း(Mask) မတပ်ဆင်ထားသောသူများနှင့်တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန် ၊ မိမိနေအိမ် အခန်းများကိုလေဝင်လေထွက်ကောင်းအောင်ပြုလုပ်ထားကြရန်၊ အပြင်မှ ပြန်လာတိုင်း Mask စနစ်တကျ စွန့်ပစ်ရန်၊ သက်ကြီးရွယ်အိုများ၊ ဆီးချို၊သွေးတိုး၊နှလုံးရောဂါအခံရှိသူများ ရောဂါကူးစက်ခံရပါက ဝေဒနာ ပြင်းထန်စွာခံစားရပြီး အသက်အန္တရာယ်ထိခိုက်နိုင်သဖြင့် ဂရုပြုနေထိုင်ရန်၊ ရောဂါ ကူးစက်ခံရသည်ဟု သံသယရှိပါကနီးစပ်ရာကျန်းမာရေးဌာနသို့ဆက်သွယ်၍ ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ရောဂါကာကွယ် တားဆီးထိန်းချုပ်နိုင်ရေး အတွက် ပြည်သူအားလုံးလိုက်နာကြပြီးပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်စသည့် အချက်များအား လိုက်လံအသိပေးနှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သီပေါမြို့နယ်တွင် ယမန်ရက်နေ့အထိ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့အတည်ပြုလူနာပေါင်း (၁၄၁၁)ဦးရှိပြီး၊ သေဆုံးသူ(၈၁)ဦးနှင့် လက်ရှိမြို့နယ် ပြည်သူ့ ဆေးရုံတွင် ဆေးကုသမှုခံယူနေသူ(၇၁)ဦး ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
ခင်လေး