သဖန်းကိုင်းပရဟိတ လူမှုကူညီရေးအသင်းအတွက် ပြင်ဦးလွင်မြို့ သန္တိသုခ နာရေးကူညီမှုအသင်းမှ အောက်ဆီဂျင် ၄၀လီတာအိုး အလုံး(၃၀) ဖြည့်ဆည်း ကူညီ

နောင်ချို စက်တင်ဘာ  ၂၆ ရက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊နောင်ချိုမြို့နယ် သဖန်းကိုင်း ပရဟိတ လူမှုကူညီရေးအသင်းအတွက် လိုအပ်သော အောက်ဆီဂျင် ၄၀ လီတာအိုး အလုံး(၃၀)ကို ပြင်ဦးလွင်မြို့ သန္တိသုခနာရေးကူညီမှုအသင်းမှ ယမန်နေ့က ကူညီဖြည့်ဆည်းပေးခဲ့ကြောင်း သဖန်းကိုင်းပရဟိ အသင်းထံမှ သိရသည်။

အဆိုပါအောက်ဆီဂျင်အိုးများကို ပြင်ဦးလွင်မြို့ သန္တိသုခ နာရေးကူညီမှုအသင်းဥက္ကဥနှင့် အဖွဲ့ဝင်များက ချက်ချင်းကူညီဆောင်ရွက် ဖြည့်ဆည်းပေးကာ ကိုမောင်ကြီး မိသားစု၏ကားအကူအညီဖြင့် သဖန်းကိုင်းပရ ဟိတအသင်းသားများက သွားရောက်သယ်ယူခဲ့ကြသည်။

သဖန်းကိုင်းပရဟိတ လူမှုကူညီရေးအသင်းသည် မြို့နယ်အတွင်း  ကိုဗစ်-၁၉ရောဂါ ကုသရေးစင်တာများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ကိုဗစ်-၁၉ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးပေးခြင်း၊ အတိုင်ပင်ခံသမားတော် (၁)ဦး၊ သူနာပြု (၄)ဦးတို့ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်လျက်ရှိကြောင်း၊ စင်တာ၌သာမက အခြား လိုအပ်သော နေရာများသို့ အောက်ဆီဂျင်များ ဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ မြို့နယ်အတွင်း လိုအပ်သည့် နေရာများသို့ ပိုးသတ်ဆေး ဖျန်းခြင်း များကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူမျိုးဘာသာမရွေး အရေးပေါ်ကိစ္စများအတွက် ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း သဖန်းကိုင်း ပရဟိတအသင်းထံမှ သိရသည်။

ထွေးငယ်