မြောက်ဦးဆရာတော် အရှင်ဝါယာမိန္ဒ၏ သက်တော်(၆၂)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်  “ဆုတောင်းပြည့် အဓိဋ္ဌာန်အောင် လျောင်းတော်မူဘုရားကြီး”အား ဆီမီးတစ်ထောင်၊ ပန်းတစ်ထောင် မီးပုံးပျံ(၁၀၈)လုံးဖြင့် ထွန်းညှိပူဇော် ကုသိုလ်ဒါနပြု

မအီ စက်တင်ဘာ ၂၆

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ မအီမြို့၊ မအီတောရကျောင်း၊ ရတနာ့မာရ်အောင်‌တောရဓမ္မရိပ်သာခွဲ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဝနဝါသီ အရှင်ဝါယာမိန္ဒ(မြောက်ဦးဆရာတော်)၏ သက်တော် (၆၂)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် တည်ထားကိုးကွယ်သော “ဆုတောင်းပြည့် အဓိဋ္ဌာန်အောင် လျောင်းတော်မူ ဘုရားကြီး”အား ယမန်နေ့ညနေ ၇ နာရီက ဆီမီးတစ်ထောင်၊ ပန်းတစ်ထောင် မီးပုံးပျံ(၁၀၈)လုံးဖြင့် ထွန်းညှိပူဇော်ကာ အနယ်နယ်အရပ်ရပ်မှ ရောက်ရှိလာသော  ရဟန်းရှင်လူ၊ ပြည်သူများမှ ကုသိုလ်ဒါနပြုပါဝင်ခဲ့ကြောင်း သိရသည်။

ထို့ပြင်  မြောက်ဦးဆရာတော်၏ သက်တော်(၆၂)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် မအီတောရ ကျောင်းဝင်းအတွင်း တည်ထားကိုးကွယ်သော ဉာဏ်တော်ပေ(၉၀)ရှိ “ဆုတောင်းပြည့် အဓိဋ္ဌာန်အောင် လျောင်းတော်မူဘုရားကြီး”အား ယမန်‌နေ့ နံနက် ၇ နာရီမှ (၂၆-၉-၂၀၂၁)ရက်‌နေ့ နံနက် ၇ နာရီထိ ပင့်သံဃာအရှင်သူမြတ်တို့မှ အသံမစဲပဋ္ဌာန်းတရားတော်ကို (၂၄)နာရီ ရွတ်ဖတ် ပူဇော်လျက်ရှိပြီး စက်တင်ဘာ  ၂၅ ရက် ညနေ ၂ နာရီမှ ၄ နာရီထိ မအီမြို့ရှိ ဌာနဆိုင်ရာများ စုပေါင်း စတုဒီသာမဏ္ဍပ်နှင့် စေတနာရှင်၊ အလှူရှင်အသီးသီး တို့၏စတုဒီသာ နိဗ္ဗာန်ဈေး အလှူတော်ပွဲကိုလည်းကောင်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ဆက်လက်၍ ယနေ့နံနက် ၈ နာရီတွင် သံဃာတော်အရှင်သူမြတ် အပါး(၂၀၀)ခန့်ဖြင့် ဗုဒ္ဓဘိသေက အနေကဇာတင် ပူဇော်ပွဲကို လည်းကောင်း၊ နံနက် ၉ နာရီတွင် မြောက်ဦးဆရာတော်၏ ဝိဇတ မွေးနေ့ပူဇော်ပွဲ အခမ်းအနားကို လည်းကောင်း မအီတောရကျောင်းဝင်းအတွင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မင်းသိန်းထွန်း