တောင်ကြီးမြို့၌ Stay at home ကာလအတွင်း သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ လိုက်နာနေထိုင်ရေး အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်

တောင်ကြီး  စက်တင်ဘာ  ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ်တွင် နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကြော်ငြာခဲ့ပြီးဖြစ်ရာ နေအိမ်တွင်နေထိုင်ရေး( Stay at Home )ကာလအတွင်း မိဘပြည်သူများ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား သိရှိလိုက်နာနိုင်ရေး မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍  ယမန်နေ့နံနက် နာရီမှစ၍ အသံချဲ့စက်ဖြင့် တောင်ကြီးမြို့တွင်းသို့ လှည့်လည်နှိုးဆော်ခဲ့သည်။

ထိုသို့အသိပေးနှိုးဆော်ရာတွင် တောင်ကြီးမြို့နယ်သည် Stay at home အစီအစဉ်တွင် အကျုံးဝင်သောမြို့ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် မိမိအိမ်တွင်း၌သာနေထိုင်ကြရန်၊ မဖြစ်မနေ ဈေးဝယ်ထွက်ရန်အတွက် တစ်အိမ်လျှင် တစ်ဦးသာသွားရောက်ရန်၊ ဆေးရုံဆေးခန်း သွားရောက်ရန်လိုအပ်ပါက တစ်အိမ်လျှင်နှစ်ဦးသာသွားရောက်ရန်၊ နေအိမ်ပြင်ပသို့ ထွက်ခွာပါက ပါးစပ်နှာခေါင်းစည်းများကို စနစ်တကျတပ်ဆင် သွားလာကြရန်၊ တာဝန်ထမ်းဆောင်ရန် သွားလာသည့်ယာဉ်များနှင့် ဖြတ်သန်းသွားလာခွင့်ပြုထားသော ယာဉ်များကိုသာ ရပ်ကွက်ကျော်လွန်သွားလာခွင့်ပြုရန်၊ မြို့နယ်အတွင်း ကုန်စည်စီးဆင်းမှု အဆင်ပြေချောမွေ့စေရေးအတွက် ကုန်တင်ယာဉ်များသွားလာမှုကို စံသတ်မှတ်ချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက် များကို စနစ်တကျလိုက်နာဆောင်ရွက်ကြရန် စသည့်စည်းကမ်းချက်များကို  ပြည်သူများ သိရှိလိုက်နာ နိုင်ရေး အသိပေးနှိုးဆော်ခဲ့ကြောင်းသိရှိရသည်။

တောင်ကြီးသား