မလှိုင်မြို့၌တည်ဆောက်လျှက်ရှိသောအောက်ဆီဂျင်စက်ရုံအတွက်အောက်ဆီဂျင်စက်ရောက်ရှိ

   မလှိုင်  စက်တင်ဘာ ၂၆

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း အောက်ဆီဂျင် ပြတ်လပ်မှုမရှိစေရန် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှု ဖြင့် မြို့မိ၊ မြို့ဖများ ဦးဆောင်၍ အများပြည်သူသုံး အောက်ဆီဂျင်စက်ရုံကို ဩဂုတ် ၁ ရက်နေ့မှ စတင် တည်ဆောက်ခဲ့ရာ ယခုအခါ အဆိုပါစက်ရုံအတွက် အောက်ဆီဂျင်စက်အသစ် ယမန်နေ့ နံနက်ပိုင်းက ရောက်ရှိပြီဖြစ်ကြောင်း  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်ထံမှ သိရသည် ။

ယနေ့‌ရောက်ရှိလာသော အောက်ဆီဂျင်စက်အသစ်မှာ မလှိုင်မြို့နေ မိသားစု ကိုယ်ပိုင်အထက်တန်းကျောင်းမှ လှူဒါန်းခဲ့သော  JALIER အမှတ်တံဆိပ် 20m3 /Hour  150bar  Automatic Fitting System ; China စက် ဖြစ်ပြီး  အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေးအတွက် မလှိုင်မြို့နေ မြို့မိ ၊မြို့ဖများ၏ စုပေါင်းလှူဒါန်းငွေနှင့် အကောင်အထည်ဖေါ် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည် ။ အများပြည်သူသုံး အောက်ဆီဂျင်စက်ရုံကို မိတ္ထီလာ-မြင်းခြံ ကားလမ်းမ အရှေ့ဖက်  လယ်ကြီးကျေးရွာအုပ်စု ၊ ကွင်းအမှတ်(၂၈ဝ/၂ဝ၆၇ ) ၊ ဦးပိုင်အမှတ်( ၃၁/၁)ရှိ မြေဧရိယာ(ဝ.ဝ၉၉) ဧကရှိယာမြေ ၌ အလျှား(၄၅ )ပေ ၊အနံ (၄၅ ) ပေ၊ အမြင့်(၁၃)ပေရှိ RC  (၁)ထပ် အဆောက်အဉီး ဆောက်လုပ်ထားရှိပြီးဖြစ်သည် ။

 “ ကျနော်တို့ဆီကို  ဒီနေ့မနက်ပဲ အောက်ဆီဂျင်စက်အသစ် ရောက်ပါတယ်၊ အားလုံး အဆင့်သင့်ပြင်ဆင် ထားပြီးပါပြီ ရောက်ရှိလာတဲ့ အောက်ဆီဂျင်စက်ကို အမြန်တပ်ဆင်ပြီး (၃/၄) ရက်အတွင်း အပြီးတပ်ဆင်ပြီး လည်ပတ်နိုင်အောင် အမြန်ဆုံးဆောင်ရွက်နေပါတယ်  ” ဟု စက်ရုံဖြစ်မြောက်ရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်ကိုစန်းက ပြောပြခဲ့သည် ။                                                                

အဆိုပါ အောက်ဆီဂျင်စက်ရုံ လည်ပတ်နိုင်ပါက တစ်နေ့လျှင် (40 L ) အိုး အလုံး( ၈ဝ ) ထုတ်လုပ်နိုင်မည် ဖြစ်ပြီး မိမိတို့မြို့နယ်ရှိ ကိုဗစ်-၁၉ လူနာများအတွက်သာမက အခြားသော အောက်ဆီဂျင်လိုအပ်သည့် ဝေဒနာရှင်များ ၊ မိမိတို့မြို့နယ်နှင့် ဆက်စပ်နေသည့်ဒေသများမှ အကူညီတောင်းခံလာလျှင်လည်း ပံ့ပိုးကူညီ နိုင်မည်ဖြစ်ကြောင်းသိရသည်။                                                                                                         အောင်ဌေး(မလှိုင်)