စစ်တွေ စက်တင်ဘာ ၂၅
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့နှင့်အတူ ယနေ့နံနက်ပိုင်းက မောင်တောခရိုင်အတွင်းရှိ ပြည်သူများအား ပန်းခင်း စီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ဘူးသီးတောင်မြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘူးသီးတောင်မြို့၊ ဦးဥတ္တမခန်းမ၌ ကျင်းပပြုလုပ်သော လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မောင်တောခရိုင်အတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က အဖွင့်အမှာစကားပြောကြားကြသည်။ ဆက်လက်၍ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်မျိုးက ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှုနှင့် ပန်းခင်းစီမံချက်အကြောင်းအား ရှင်းလင်းပြောကြားသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက မောင်တောခရိုင်အတွင်းရှိ ပြည်သူများအား အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ပေးအပ်ကြရာ ဒေသခံတိုင်းရင်းသားပြည်သူများက လက်ခံရယူကြသည်။ ဆက်လက်၍ ပြည်နယ်လူမှုရေးရာဝန်ကြီးက မောင်တောခရိုင်အတွင်းရှိ ပန်းခင်း စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့သော အိမ်ထောင်စုလူဦးရေစာရင်း (၂၇၉) ခု၊ နိုင်ငံသား စိစစ်ရေးကတ်ပြား (၂၅၂၉) ကတ်အားပေးအပ်ရာ မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က လက်ခံရယူကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို စွမ်းစွမ်းတမံဆောင်ရွက်ပေးခဲ့သော မောင်တောခရိုင်ဦးစီးမှူး၊ မောင်တောမြို့နယ်ဦးစီးမှူးနှင့် ဘူးသီး တောင်မြို့နယ်ဦးစီးမှူးတို့အား ဂုဏ်ပြုလက်မှတ်များပေးအပ်ကြသည်။ ယင်းနောက် မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တို့မှ ဒေသခံများက မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် အစိုးရအဖွဲ့အတွင်းရေးမှူးတို့က ရှင်းလင်းဖြေကြားကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ် အမှာစကား ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘူးသီးတောင်မြို့နယ်၊ လက်ဝဲဒက်ပြင်ရှည် ကျေးရွာတွင် တောင်သူနှစ်ဦး၏ လယ်ဧက ၁၅ ဧကတွင် ဆင်းသွယ်လတ် မိုးစပါး တောင်သူပညာပေး(Raised Bed) စိုက်ပျိုးထားရှိမှု၊ အီအမ်ဘိုကာရှီ မြေဆွေးပုံပြုလုပ်ထားရှိမှုတို့အား သွားရောက် ကြည့်ရှုအားပေးကြပြီး တောင်သူများနှင့် တွေ့ဆုံကာ တောင်သူများ၏ တင်ပြချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးကြပြီး တောင်သူများအား သဘာဝမြေဩဇာများ ထောက်ပံ့ပေးကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဂန္ဓမာ(နတလ)ကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် ၅၃၀ ဒသမ ၆၉၉ သန်းဖြင့် ကျေးလက်အိမ်ရာ(၆၀)လုံး ဆောက်လုပ်ပြီးစီးနေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးကြရာ ခရိုင်ကျေးလက်ဦးစီးမှူးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘူးသီးတောင်မြို့နယ်၊ ဆေးရုံအစည်းအဝေးခန်းမ၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များမှ ကျန်းမာရေးဝန်ထမ်းများအား ဂုဏ်ပြုငွေနှင့် ဂုဏ်ပြုမှတ်တမ်း ချီးမြှင့်ထောက်ပံ့ခြင်း၊ အောက်ဆီဂျင်စက်ရုံအတွက် အလှူငွေပေးအပ်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း အခမ်း အနားသို့ တက်ရောက်ကြသည်။ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မောင်တောနှင့်ဘူးသီး တောင်မြို့နယ် ကျန်းမာရေးဝန်ထမ်းများအတွက် ဂုဏ်ပြုငွေကျပ်သိန်း(၂၀)စီနှင့် ဂုဏ်ပြုမှတ်တမ်းများ အားလည်းကောင်း၊ မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များတွင် အောက်ဆီဂျင်စက်ရုံအတွက် အလှူငွေကျပ်သိန်း(၁၀၀)စီ အားလည်းကောင်း ထောက်ပံ့ပေးအပ်ရာ မြို့နယ်ဆရာဝန်ကြီးများနှင့် အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေး ကော်မတီမှ တာဝန်ရှိသူများကလည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများကလည်းကောင်း လက်ခံရယူကြသည်။ ယင်းနောက် မောင်တောမြို့နယ် ကုသရေးဦးစီးမှူး ဒေါက်တာနုကေသီစံနှင့် ဘူးသီးတောင် အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးကော်မတီ အဖွဲ့ဝင်များက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် စွမ်းစွမ်းတမံ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ခဲ့ကြသော ကျန်းမာရေး ဝန်ထမ်းများအား ဂုဏ်ပြုအမှာစကား ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘူးသီးတောင်မြို့နယ် သစ်ခွဖြူလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းနှင့် ရေနှုတ်ပြွန်တံတားငယ်(၄)စင်း တည်ဆောက်ပြီးစီးမှုအား သွားရောက်ကြည့်ရှု စစ်ဆေးကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသခဲ့ကြကြောင်းသိရသည်။
တင်ထွန်း(ပြန်/ဆက်)