၅၇ နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အနန္ဒာဘုရားကြီးအတွင်း စုပေါင်းသန့်ရှင်းရေး ပြုလုပ်

ညောင်ဦး  စက်တင်ဘာ ၂၆

၂၀၂၁ခုနှစ် အောက်တိုဘာ ၁ရက်နေ့ကျရောက်သော ၅၇နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယမန်နေ့နံနက် ၇နာရီအချိန်က စတင်ပြီး ပုဂံမြို့ဟောင်းရှိ ကျန်စစ်သားမင်းကြီး၏ ကောင်းမှုတော် အာနန္ဒာဘုရားဝင်းအတွင်း ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ညောင်ဦးခရိုင် ရဲတပ်ဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးတို့ ဦးဆောင်ကာ ညောင်ဦးမြို့နယ်အတွင်းရှိ တပ်ရင်းတပ်ဖွဲ့များမှ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြောင်း ညောင်ဦးမြို့နယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စိုးလွင်ထံက သိရသည်။

၅၇နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့အကြိုဂုဏ်ပြုခြင်းအား ညောင်ဦးမြို့၊ ပုဂံမြို့ဟောင်း တောင်ဘီကျေးရွာအနီးရှိ အာနန္ဒာဘုရားကြီး ပရဝဏ်အတွင်း တောင်ဘက်မုခ်မှစတင်၍ သန့်ရှင်းရေး ပြုလုပ်ကြရာ၊ ဘုရားကြီးအရှေ့ဘက်မုခ်၊ မြောက်ဘက်မုခ်နှင့် အနောက်ဘက်မုခ် ခရီးသွားဘုရားဖူးများ ဝင်လာရာ မုခ်တလျှောက်နှင့် ဘုရားပရဝဏ်အတွင်း ကြွေကျနေသည့် သစ်ရွက်မှိုက်များ၊ ကိုင်းကျိုးကိုင်းပဲ့များနှင့် ဘုရားရင်ပြင်တော်ပေါ် မိုးရွာသွန်းမှုများခြင်းကြောင့် ချော်လဲနိုင်သည့် ရေညှိများ ဖယ်ရှားခြင်းတို့ကို စုပေါင်းသန့်ရှင်းရေးလုပ် ကုသိုလ်ယူခဲ့ကြကြောင်း သိရသည်။ အဆိုပါ အာနန္ဒာဘုရားကြီး ပရဝဏ်အတွင်း သန့်ရှင်းရေး စုပေါင်းပြုလုပ်ရာသို့ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး မျိုးခိုင်ဝင်း၊ ညောင်ဦးခရိုင် ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီး မြအောင်၊ ညောင်ဦးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးလွင်နှင့် မီးရထားရဲတပ်ဖွဲ့၊ ညောင်ဦးလေဆိပ်ရဲတပ်ဖွဲ့၊ အမှတ်(၉၃) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (ညောင်ဦး)၊ ကမ္ဘာလှည့်ခရီးသွားလုံခြုံရေး ရဲတပ်ဖွဲ့စု(ပုဂံ)၊ အမှတ်(၁၄) လုံခြုံရေးရဲတပ်ဖွဲ့မှ ရဲဝန်ထမ်းများ၊ စုစုပေါင်း  ၁၆၅ ဦးတို့မှ အောက်တိုဘာလ ၁ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ ၅၇ နှစ်မြောက် ကြိုဂုဏ်ပြုကုသိုလ်ယူ အာနန္ဒာဘုရားကြီးဝင်းအတွင်း စုပေါင်းသန့်ရှင်းရေး ပြုလုပ်ကြကြောင်း သိရသည်။

ကိုထိန်