သာစည် စက်တင်ဘာ ၂၆
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ပန်းခင်းစီမံချက်နှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ယမန်နေ့နံနက် ၁၀ နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ပန်းခင်းစီမံချက်အသိပညာပေး Talk Show ပြုလုပ်ကြောင်းသိရသည်။
အသိပညာပေး Talk Show တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန သာစည်မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးအောင်မွန်က ပန်းခင်းစီမံချက်၏ ရည်မှန်းချက်ဖြစ်သော နိုင်ငံသား၊ တိုင်းရင်းသားများနှင့် ဥပဒေအရနိုင်ငံသားများအား ဥပဒေနှင့်အညီ ကတ်တစ်မျိုးမျိုးထုတ်ပေးရေး၊ စိစစ်ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းစဉ် ၄ ရပ်ဖြစ်သော လက်ရှိဇာတိဒေသတွင် အမြဲနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ လက်ရှိဇာတိဒေသတွင် အမြဲနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်းမရှိ၊ ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုလူဦးရေ စာရင်းရှိသော်လည်း လက်ရှိဒေသတွင် ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်းနှင့် ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသနှင့် လက်ရှိဒေသတို့တွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်းများ၊ မြို့နယ်အတွင်း ဆောင်ရွက်ရမည့်ပမာဏနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ Stay at home မြို့နယ်ဖြစ်သည့်အတွက် ကွင်းဆင်းဆောင်ရွက်ရန်အခက်အခဲရှိသောကြောင့် မြို့နယ်ရုံးတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်တို့၏ အရေးပါအရေးကြီးမှုများနှင့် ဥပဒေများကို ရှင်းလင်းဆွေးနွေးသည်။
အသိပညာပေး Talk Show တွင် ဦးစီးအရာရှိ ဦးအောင်မွန်နှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ်သင်းသင်းတို့ ဆွေးနွေးခဲ့ကြောင်း သိရသည်။