မော်လမြိုင် စက်တင်ဘာ ၂၆
ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ်၊ တိုင်းဒေသကြီး/ ပြည်နယ် ဥပဒေချုပ်များနှင့် ဥပဒေအရာရှိများ၏ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ထပ်ဆင့်ရှင်းလင်းခြင်းကို ယမန်နေ့နံနက် ၉နာရီက မော်လမြိုင်မြို့၊ မောင်ငံရပ်ကွက် မွန်ပြည်နယ် ဥပဒေချုပ်ရုံးခန်းမ၌ ကျင်းပခဲ့ရာ မွန်ပြည်နယ် ဥပဒေချုပ် ဦးမြင့်အောင်၊ ပြည်နယ်ဥပဒေအရာရှိ ဒေါ်သစ်သစ်ဝင်း၊ ပြည်နယ်ဥပဒေချုပ်ရုံးမှ ဥပဒေ အရာရှိများ၊ ခရိုင်နှင့် မြို့နယ် ဥပဒေအရာရှိများ တက်ရောက်ကြသည်။
ရှေးဦးစွာ မွန်ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်က လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် လမ်းညွှန် မှာကြားသည့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် တို့တွင် နိုင်ငံတော်နှင့်အများပြည်သူအကျိုး စေတနာထား တာဝန်ထမ်းဆောင်စေလိုကြောင်း၊ တရားမျှတမှုရှိစေရေးနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်စေလိုကြောင်း၊ သာသနိက၊ ဘာသာရေး အဆောက်အအုံ ဆောက်လုပ်ရာတွင် မြေအမျိုးအစားစပ်လျဉ်း၍ ဥပဒေအရ ကြိုတင်လျှောက်ထားပြီး ခွင့်ပြုချက်ရမှာသာ တိုင်းဒေသကြီး/ပြည်နယ်ဥပဒေအရ အကြံပြုပေးရမည်ဖြစ်ကြောင်း၊ တရားမျှတရေးအတွက် ဥပဒေဝန်ဆောင်မှု မဟာဗျူဟာစီမံကိန်း (၂၀၂၀-၂၀၂၄) နှင့်အညီ လုပ်ငန်း အစီအစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ E-Government အစီအစဉ် အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း၊ နိုင်ငံ့ဝန်ထမ်းဖြစ်သည်နှင့် အညီ နိုင်ငံတော်အပေါ်သစ္စာရှိစွာဖြင့် ချမှတ်ထားသည့်မူဝါဒများ ဥပဒေ၊ နည်းဥပဒေများ အလေးထား လိုက်နာစေလိုကြောင်းနှင့် ဥပဒေရုံးများ၏ အသွင်သဏ္ဍာန်နှင့် လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်စေရေး အလေးထားဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ မွန်ပြည်နယ်ဥပဒေအရာရှိ ဒေါ်သစ်သစ်ဝင်းက ဥပဒေရေးရာဝန်ကြီးဌာနရှိ ဦးစီးဌာန လေးခု၏ ဆွေးနွေးချက်များအား ထပ်ဆင့်ရှင်းလင်းပေးပြီး ပြည်နယ်အတွင်းရှိခရိုင်နှင့် မြို့နယ်ဥပဒေအရာရှိများက ဆောင်ရွက်နေသည့် လုပ်ငန်းကိစ္စရပ်များနှင့် လုပ်ငန်းဆောင်ရွက် ရာတွင်ကြုံတွေ့ရသည့် အခက်အခဲများ တင်ပြမှု အပေါ် ပြည်နယ်ဥပဒေချုပ်နှင့် ဥပဒေအရာရှိတို့က
ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်နယ်အတွင်းရှိ ဥပဒေရုံး မိသားစုများအတွက် မွန်ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင် နှင့် တာဝန်ရှိသူတို့က ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများကို ခရိုင်နှင့်မြို့နယ်အလိုက် ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။
ဇာဖြူဝင်း