ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးလာရောက်ထိုးနှံသူများ၏ ရင်တွင်းစကားသံများ

ဆိပ်ကြီးခနောင်တို  စက်တင်ဘာ  ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအား ဆက်လက်ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် သတ်မှတ်ဦးစားပေး အုပ်စုအလိုက် ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ မြို့နယ်အတွင်းရှိ အသက် ၅၅နှစ်နှင့် ၆၄နှစ် ကြားရှိသူများ၊ မသန်စွမ်းသူများနှင့် နာတာရှည်ရောဂါ ရှိသူများကို ပထမအကြိမ် (ဒုတိယနေ့)အဖြစ် ယမန်နေ့နံနက် ၉ နာရီမှစ၍ အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး Sinopharm ထိုးနှံပေးလျက်ရှိရာ အဆိုပါ ကိုဗစ်−၁၉ ကာကွယ်ဆေး လာရောက်ထိုးနှံသူများထဲမှ ပြည်သူနှစ်ဦး၏ ရင်တွင်းစကားသံများကို ဖော်ပြလိုက်ရပါသည်။

ဉီးလှဝင်း(ခနောင်တိုအနောက်)

ကျွန်တော့နာမည်ကတော့ ဦးလှဝင်းပါ။ ခနောင်တိုအနောက် ရပ်ကွက်မှာနေပါတယ်။ အသက်က ၇၁ နှစ်ပါ။ ရပ်ကွက်ရုံးကနေ ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ထိုးနှံဖို့ စာရင်းများ ကောက်နေကြောင်းသိရလို့ ပထမဆုံး သွားရောက်စာရင်းပေးခဲ့ပါတယ်။ ဆေးထိုးရမည့်ရက်ကို သက်ဆိုင်ရာက ကြေညာပေးလို့ ဒီနေ့ဆေးလာထိုးဖြစ်တာပါ။ ကိုဗစ်ကာကွယ်ဆေးကို အခုလိုစနစ်တကျ ထိုးနှံပေးနိုင်တာ အင်မတန်ဝမ်းသာစရာ ကောင်းပါတယ်။ ဆေးထိုးတာနာကျင်ခြင်းလည်း မခံစားရပါဘူး။  ကိုဗစ်−၁၉ရောဂါ ကာကွယ်ရေးအတွက် မြို့နယ်မှာရှိတဲ့သူတွေအားလုံး ပူးပေါင်းဆောင်ရွက်ကြတာ ကောင်းမြတ်တဲ့အလုပ်ဖြစ်ပါတယ်။ ဒီလိုကောင်းမြတ်တဲ့ အလုပ်ဖြစ်တဲ့ ယနေ့ကိုဗစ်−၁၉ရောဂါ ကူးစက်ပြန်ပွားမှုမရှိစေရေး စနစ်တကျဆောင်ရွက်ပေးတဲ့ စေတနာ့ဝန်ထမ်းများ၊ ကာကွယ်ဆေးထိုးနှံပေးသူများ၊ အဖွဲ့အစည်းအသီးသီးရှိ တာဝန်ရှိသူများ အားလုံးကို ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနဲ့ ပြည့်စုံပြီး အနာရောဂါကင်းကြပါစေလို့အဘဒီက မေတ္တာပို့ ဆုတောင်းပေးပါတယ်။

ဦးတင်မြ(ဆိပ်ကြီးအရှေ့ရပ်ကွက်)

ကျွန်တော့နာမည်ကတော့ဦးတင်မြပါ။ ဆိပ်ကြီးအရှေ့ ရပ်ကွက်မှာနေပါတယ်။ အသက်က ၅၈ နှစ်ပါ။ ကိုဗစ်−၁၉ ရောဂါဆိုတာ ဘယ်သူမဆိုကူးစက်နိုင်တဲ့ရောဂါပါ။ ကာကွယ်ဆေးထိုးနှံဖို့ စနစ်တကျဆောင်ရွက်ထားလို့ ကာကွယ်ဆေး ထိုးနှံရမည့်သူများ အားလုံးလာရောက် ထိုးနှံစေချင်ပါတယ်။ အခုကာကွယ်ဆေးထိုးနှံခြင်းက အသက်ကြီးပိုင်းများကို အဓိက ထိုးနှံပေးနေတာဖြစ်လို့ လူငယ်များပါ ထိုးနှံပေးမည်ဆိုပါက ပို၍ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးနှံထားပါမှ ဒီရောဂါကို ပိုမိုထိရောဂာ်အောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ဆေးထိုးနှံပေးတဲ့ တာဝန်ရှိသူများအားလုံးကို ကျေးဇူးတင်ကြောင်းနဲ့ အခြားသူများအနေနဲ့လည်း ကာကွယ်ဆေးထိုးနှံဖို့ အခွင့်ရေးရရင် မည်သူမဆို ထိုးနှံကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်။ 

ဝေယံ