(၅၇)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် စစ်တွေမြို့၌ စုပေါင်းသွေးလှူဒါန်းပွဲကျင်းပ

 
စစ်တွေ၊ စက်တင်ဘာ ၂၅
အောက်တိုဘာလ(၁)ရက်နေ့တွင်ကျရောက်မည့် (၅၇)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကိုဂုဏ်ပြုကြိုဆိုသောအားဖြင့် ရခိုင်ပြည်နယ်ရှိ နယ်မြေခံလုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့မှူးရုံးနှင့် ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးတို့မှ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၏ စုပေါင်းသွေးလှူဒါန်းပွဲ ကို စစ်တွေမြို့ခုတင် (၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီး၊ သွေးလှူဘဏ်တွင် ယနေ့နံနက်(၉)နာရီက ကျင်းပခဲ့သည်။
 
အဆိုပါစုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနားသို့ နယ်မြေခံလုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့မှူးရုံးမှကွပ်ကဲရေးမှူးရဲမှူးချုပ် ဝင်းဗိုလ်နှင့်ဇနီး၊ ဒုတိယ ကွပ်ကဲရေးမှူး ရဲမှူးကြီးဝင်းကျော်နိုင်၊ စစ်တွေမြို့ ခုတင်(၅၀၀)ဆံ့ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာကြည်လွင်နှင့် နယ်မြေခံလုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့ခွဲများမှတာဝန်ရှိသူများက လိုက်လံကြည့်ရှု၍ အားပေးစကားပြောကြားကြပြီး ကြက်ဥ၊ အားဖြည့်အချိုရည်နှင့် အားဆေး များထောက်ပံ့ပေးအပ်ခဲ့သည်။
 
ယနေ့စုပေါင်းသွေးလှူဒါန်းပွဲတွင် နယ်မြေခံလုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့မှူးရုံး၊ စစ်တွေမြို့မှတပ်ဖွဲ့ဝင်(၇၇)ဦး၊ မိသားစုဝင်(၄၅)ဦး၊ ရခိုင် ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင် (၅၀)ဦး၊ စုစုပေါင်း (၁၇၂)ဦးက စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။
 
အလားတူ နယ်မြေခံလုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့မှူးရုံးအောက်ရှိ မြောက်ဦးမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်များမှ တပ်ဖွဲ့ဝင်နှင့်မိသားစုဝင် (၃၅)ဦးတို့ကလည်း သက်ဆိုင်ရာပြည်သူ့ဆေးရုံကြီးများတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း ခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
 
ရခိုင်ပြည်နယ်ရှိ နယ်မြေခံလုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့မှူးရုံးနှင့် လက်အောက်ခံလုံခြုံရေးရဲတပ်ဖွဲ့ခွဲများမှ ၂၀၂၁ ခုနှစ်အတွင်း စုပေါင်း သွေးလှူဒါန်းမှု (၇) ကြိမ် ဆောင်ရွက်နိုင်ခဲ့ပြီး တပ်ဖွဲ့ဝင် (၁၉၇)ဦးနှင့် မိသားစုဝင်(၄၈)ဦးတို့မှ စုပေါင်းသွေးလှူဒါန်းနိုင်ခဲ့ကြကြောင်း သိရ သည်။
 
ဝင်းမင်းစိုး