ရသေ့တောင်မြို့၌ စေတနာ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် စွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်ပို့ချ

ရသေ့တောင် စက်တင်ဘာ ၂၅

ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ စေတနာ့ဝန်ထမ်းများအနေဖြင့် အရည်အချင်းပြည့်ဝပြီး စေတနာ့ဝန်ထမ်း လုပ်ငန်းများဆောင်ရွက်ရာတွင် နည်းစနစ်ကျကျ ဆောင်ရွက်တတ်စေရန် ရည်ရွယ်ပြီး စေတနာ့ဝန်ထမ်း များအား ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် စွမ်းရည်မြှင့် သင်တန်းကို ယနေ့ နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စေတနာ့ဝန်ထမ်း ပံ့ပိုးကူညီရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းထက်က အဖွင့်အမှာစကား ပြောကြားရာမှာ စေတနာ့ဝန်ထမ်းများအနေဖြင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာ တွင် ပိုမိုစွမ်းဆောင်ရည်မြှင့်မားလာစေရေးအတွက် ယခုလို စွမ်းရည်မြှင့် မွမ်းမံသင်တန်းများကို ဖွင့်လှစ်ရ ခြင်းဖြစ်ပါကြောင်း၊ စေတနာ့ဝန်ထမ်း လူငယ်များအနေဖြင့်လည်း မိမိနေထိုင်ရာ ရပ်ကွက်/ကျေးရွာ အသီးသီးတွင် တစ်ဦးနှင့်တစ်ဦး တစ်ဖွဲ့နှင့်တစ်ဖွဲ့ စည်းစည်းလုံးလုံးဖြင့် ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ ယခုသင်ကြားပို့ချမည့် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် သင်ခန်းစာများကိုလည်း စိတ်ဝင်တစားဖြင့် သင်ယူလေ့လာ အကြံပြုဆွေးနွေးကြ စေလိုအပ်ပါကြောင်း၊ သင်တန်းမှရရှိသည့် အတွေ့အကြုံ အသိပညာ များဖြင့် လက်တွေ့ဆောင်ရွက်နေသည့် ပရဟိတလုပ်ငန်းများမှာ အကျိုးရှိစွာ ဆောင်ရွက်ကြရန်လို အပ်ပါ ကြောင်းဖြင့် ပြောကြားခဲ့သည်။ ယင်းနာက် မြို့နယ်စေတနာ့ဝန်ထမ်း ပံ့ပိုးကူညီရေးအဖွဲ့ အတွင်းရေးမှူး လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းတွင် ရသေ့တောင်မြို့နယ်အတွင်း စေတီပြင်တိုက်နယ်၊ ကူတောင်တိုက်နယ်နှင့် လောင်းချောင်းတိုက်နယ်များမှ စေတနာ့ ဝန်ထမ်း သင်တန်းသား၊ သင်တန်းသူ (၆၀)ဦးတို့အား သင်တန်း နည်းပြ ဆရာများဖြစ်သည့် ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ် ဦးစီးမှူး၊ မြို့နယ်မီးသတ်ဖွဲ့ဦးစီးမှူးနှင့် ကြက်ခြေနီတပ်ဖွဲ့တို့က  ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် အကြောင်းအရာ သင်ခန်းစာများအား စက်တင်ဘာ ၂၅ ရက်နေ့မှ ၂၆ ရက်နေ့ထိ ဖွင့်လှစ်ပို့ချပေးသွား မည်ဖြစ်ကြောင်း သိရသည်။

အောင်စံထွန်း (ပြန်/ဆက်)