ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး ပြန်လည်ကျန်းမာလာသူများ၏ ခံစားမှုအတွေ့အကြုံနှင့်အများပြည်သူသို့ အကြံပြုစကားသံများ

ကျောက်ပန်းတောင်း၊ စက်တင်ဘာ ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး၊ ပြန်လည်ကျန်းမာလာ သူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက တွေ့ဆုံမေးမြန်းခဲ့ရာ၊ ၎င်းတို့၏ ကိုယ်တွေ့ခံစားမှုများနှင့် အများပြည်သူသို့ အသိပေးပြောကြားလိုသည့် အကြံပြု စကားသံများကို  ယခုလိုကြားသိခဲ့ရပါသည်။

(၁) ဒေါ်သီတာအောင်(ကျေးလက်ကျန်းမာရေး)၊ လက်ပံပင်ကျေးရွာ။

ကျွန်မက လက်ပံပင်ကျေးရွာ ကျေးလက်ကျန်းမာရေးဝန်ထမ်းပါ။ ကိုယ်တိုင်က ကျန်းမာရေးဝန်ထမ်း ဖြစ်နေတော့ ဒီရောဂါနဲ့ပတ်သက်ရင် တော်တော်လေးကို ဂရုစိုက်ခဲ့တာပါ။ ကျွန်မတင်မဟုတ်ပါဘူး…ကျွန်မတို့တစ်မိသားစုလုံး ဂရုစိုက်ကြပါတယ်…။ ဒါပေမဲ့ ကျွန်မက ကျန်းမာရေး ဝန်ထမ်းဖြစ်နေတော့ ဒီကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးလုပ်ငန်းတွေမှာ တာဝန်ကျပါတယ်,,၊ အကာအကွယ်တွေ အပြည့်အစုံနဲ့တော့ သတိထားပြီး လုပ်တာပါ…။ တစ်ရက်မှာ ချမ်းစိမ့်စိမ့် နဲ့ ဖျားချင်သလို စဖြစ်တာ…ကျွန်မသား(၁၄)နှစ်က စဖျားတယ်။ သားကတော့ သူ့အဒေါ် အိမ်သွားအိပ်တယ်၊ သူ့အဒေါ်လည်းဖျားတယ်။ နောက်တော့ ကျွန်မ ညောင်းကိုက်တာတွေဖြစ်လာတယ်…(၃)ရက်လောက် ဖျားပြီး တစ်ညမှာ ဝမ်းသွားတယ်… သားကတော့ အဖျားပျောက်သွားတယ်။ အဲ့နောက်မှာ သမီးနဲ့ ကျွန်မက အနံ့ပျောက်သွားတယ်…။ အဲဒါနဲ့ဆေးရုံသွားစစ်တော့ ကျွန်မကောသမီးကော Positive တဲ့။ ဘယ်က ဘယ်လို ကူးတယ်ဆိုတာကို အဖြေရှာလို့မရဘူး… ကိုယ်ဆေးထိုးတဲ့နေရာကပဲ ကူးသလားပေါ့..။ ဒါနဲ့ဆေးရုံတက်လိုက်ရတယ်…။ ဆေးရုံ ခရေဆောင်မှာ ကျွန်မတို့ ကျန်းမာရေးဝန်ထမ်းဆရာမတွေ ကို သီးသန့်ထားတယ်..။ အဖျားတိုင်းတာ…အောက်စီဂျင်တိုင်းတာ..သွေးပေါင်ချိန်တိုင်းတာတွေကို မနက်တစ်ကြိမ် ညနေတစ်ကြိမ်လုပ်ရပါတယ်…။ စားဆေးလည်းပေးတယ်..။ အောက်စီဂျင်လိုအပ်တဲ့ သူတွေအတွက်လည်း အောက်စီဂျင်အဆင်သင့် ထားပေးပါတယ်..။ ဒါပေမဲ့ ကျွန်မတို့သားမိနှစ်ယောက်လုံးက ကာကွယ်ဆေး (၂)ကြိမ်လုံးထိုးပြီးသားမို့လားမသိဘူး သိတ်ပြီး မခံစာရပါဘူး… အောက်စီဂျင်ကျတာတွေ ဘာတွေ မဖြစ်ခဲ့ဘူး… ဆေးမထိုးရသေးသူတွေကတော့ တော်တော်လေး ဝေဒနာခံစားရတာ…အောက်စီဂျင်ရှူရတာတွေ တွေ့တယ်…ကျွန်မတို့တော့ ကိုက်တာခဲတာလောက်ပဲ ဖြစ်ပါတယ်..။ ရက်စေ့ လို့ ဆေးရုံက ဆင်းတော့လည်း အိမ်မှာတော့ တစ်ပတ် နားနားနေနေ နေရပါတယ်..။ အဲတော့ ပြောချင်တာက ဒီကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်ရင် ကာကွယ်ဆေးကို မဖြစ်မနေ ထိုးပါ…။ ကာကွယ်ဆေးထိုးခြင်း အားဖြင့် ရောဂါကူးစက်ရင်တောင် သူများတွေထက်ပို ခံနိုင်ရည်ရှိပြီး အမြန်ဆုံးသက်သာပျောက်ကင်းနိုင်ပါတယ်။ ဒါ့ကြောင့် ကာကွယ်ဆေးကို ထိုးခွင့်ရတဲ့ အချိန်မှာ မဖြစ်မနေ ထိုးဖြစ်အောင်ထိုးကြပါလို့ အကြံပြု ပြောကြားချင်ပါတယ်…။

(၂) ဦးမောင်ဆန်း(အုပ်ချုပ်ရေးမှူး)၊ ဘူတာရပ်ကွက်။

ကူးစက်မှုဖြစ်တာကတော့ ကျွန်တော့်အထင်ပေါ့လေ… ကျွန်တော်က ရပ်ကွက်အုပ်ချုပ်ရေးမှူးဆိုတော့ အများနဲ့ မဖြစ်မနေ ဆက်ဆံပြောဆိုရတာတွေရှိတယ်ဗျ..။ ဒါပေမဲ့ ကျွန်တော် အပြင်ထွက်ရင် Mask လည်းအမြဲတန်းတပ်တယ်။ လက်ဆေးတာလည်း ပုံမှန်လုပ်ပါတယ်..။ ပြီးခဲ့တဲ့ (၇)လပိုင်းတုံးက ကျွန်တော်တို့ မြို့နယ်က တာဝန်ပေးလို့ Mask Campaing လုပ်ရတယ်ဗျ…(၇)ရက်လောက်လုပ်ရတယ်။ အဲ့မှာ (၃)ရက်လောက်က မိုးနည်းနည်းမိတယ်။ မစိုမစွတ်ပေါ့ဗျာ…။ အဲ့ဒီမှာ ကိုယ်လေးက နဲနဲ ငွေ့ငွေ့လေး ပူတယ်..။ ဒါပေမဲ့ ကိုယ်တိုင်က ကာကွယ်ဆေး (၂)ကြိမ်လုံးထိုးပြီးသားမို့ ဒီရောဂါဖြစ်လိမ့်မယ်ထင် မထားဘူးလေ…။ ဒါနဲ့ တစ်ရက် နေ့ခင်းပိုင်း ရေချိုး ထမင်းစားပြီး ကိုယ်ရှိန်ငွေ့ငွေ့ရှိတာနဲ့ တရေးတမော အိပ်လိုက်တယ်။ အိပ်ယာကနိုးတော့ Hand Gel နဲ့ လက်ဆေးတာ အနံ့ကမရဘူး…။ ဒါနဲ့ ဟိုဟာကောက်ရှူ…ဒီဟာကောက်ရှူနဲ့ ဘာနံ့မှမရ ဘူးဗျာ… ဟာ.. ငါတော့ အနံ့ ပျောက်ပြီးဟေ့..ဆိုပြီး ကိုယ့်ဟာ ကိုယ်ပဲ ဆေးရုံကိုသွားစစ်လိုက်တယ်…။ စစ်လိုက်တော့ ပိုးတွေ့ ရောဆိုပါတော့ဗျာ… ဒါနဲ့ အိမ်ကိုမပြန်ရတော့ဘူး… စက်မှုလက်မှုသိပ္ပံကျောင်း ကုသရေးစင်တာကို တန်းပို့လိုက် တာပဲ…။ အဲ့ဒီမှာ (၁၀)ရက်တိတိ နေခဲ့ရတာပေါ့ဗျာ…။ ကျန်းမာရေးစောင့်ရှောက်မှု အနေနဲ့ကတော့ မနက်တစ်ကြိမ် ညနေ တစ်ကြိမ် သွေးပေါင်းချိန်တို့… အောက်စီဂျင်တို့… အဖျားရှိ/မရှိတို့ တိုင်းပေးတယ်..။ သောက်ဆေးအနေနဲ့ကတော့ ပါရာစီ တမော့နဲ့ စီဗစ်(၅)ရက်စာပေးတယ်။ ကျန်တာက တော့ ထူးခြားမှုရှိရင် သတင်းပို့စနစ်ပေါ့ဗျာ..။ ကျွန်တော်က အဲ့ဒီကိုရောက် ပြီး (၃)ရက်လောက်မှာ ခေါင်းနည်းနည်းကိုက်တယ်… ကျန်တာ ထူးထူးခြားခြား ဘာမှ မဖြစ်ပါဘူး..။ ကျန်းမာရေးဝန်ထမ်း တွေ ပြောတာကတော့ ကာကွယ်ဆေးထိုးထားလို့ ခံနိုင်ရည်ရှိပြီး သိတ်မခံစားရတာလို့ပြောတာပဲဗျ…။ ဟုတ်လည်းဟုတ် လောက်တယ်… တစ်ချို့လူတွေက အဖျားကြီးတာတွေ ..အဖျားတာရှည်တာတွေနဲ့ အောက်စီဂျင်ကျလို့ အောက်စီဂျင်ရှူရတာ တွေအထိဖြစ်တာ ကိုယ်တွေ့မြင်ခဲ့ရတယ်..။ အဲ့ဒီတော့ အကြံပြုစကား ပြောရမယ်ဆိုရင်တော့ ဒီကိုဗစ်-၁၉ ရောဂါကဘယ်ချိန်ကျမှ ပျောက်ကွယ်သွားမယ်ဆိုတာ ပြောလို့မရဘူး…။ ဒါ့ကြောင့် ကာကွယ်ဆေးကို အခွင့်အရေးရတုံး ထိုးဖြစ်အောင် ထိုးကြပါ… မဖြစ်မနေ ထိုးကြပါလို့ပါ။  နောက်ပြီး ကျန်းမာရေးဌာနက ထုတ်ပြန်ထားတဲ့ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက် တွေကို တတ်နိုင်သမျှလိုက်နာကြပါလို့ပဲ အကြံပြုတိုက်တွန်းချင်ပါတယ်ဗျာ…။

နေအောင်(ပြန်/ဆက်)